Wednesday, September 4, 2013

ဂျပန်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၆၃ ဦး ဒဏ်ရာရ



ဂျပန်နိုင်ငံ တိုကျိုမြို့ အနီးရှိ  မြို့နှစ်မြို့တွင် စက်တင်ဘာ ၂ ရက်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဒေသခံ ၆၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆောက်အအုံ များနှင့် ယာဉ်များ ပျက်စီးခဲ့ရကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူ အများစုမှာ လေဆင်နှာမောင်းဒဏ်ကို ပြင်းထန်စွာ ခံရသော ဆိုင်တာမာ စီရင်စုနယ် ကိုရှီ ဂါယာမှ ဒေသခံ များဖြစ်ကြောင်း အဆာဟိ သတင်းစာက ဖော်ပြခဲ့သည်။
အင်အား ပြင်းထန်လှသည့် အဆိုပါ လေဆင်နှာမောင်းသည် ကိုရှီဂါယာမြို့အား မွန်းလွဲ ၂နာရီ ဝန်းကျင်တွင် တိုက် ခတ်ခဲ့ ပြီးနောက် ချီဘာ စီရင်စုနယ်ရှိ နိုဒါမြို့ အနီးသို့ မိနစ် ၂ဝကြာ ဆက်လက် တိုက်ခတ်ခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။
နိုဒါမြို့တွင်လည်း အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေ အိမ်များ၏ အမိုးများ ပျက်စီးခဲ့ပြီး ဂိုဒေါင် တစ်လုံး ပျက်စီးခဲ့ကြောင်း သို့သော် ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မျှ မရှိဟု သိရသည်။
ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တိုင်းတာ တွက်ချက်ရန် အတွက် ဂျပန် မိုးလေဝသ ဌာနမှ တာဝန် ရှိသူများအား လေဆင်နှာ မောင်း တိုက်ခတ်သည့် ဒေသသို့ အာဏာပိုင်များက စေလွှတ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...