Wednesday, September 4, 2013

ကျိုက်ထီးရိုး ဘုရား ဖူးများ သွားလာရေး အဆင် ပြေစေရန် ရန်ကုန်- ကျိုက်ထို ခရီးစဉ် အထူး ရထားတွဲ ပြေးဆွဲမည်



ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် ကျိုက်ထီးရိုး ဘုရားဖူး ခရီးသွားများ သွားလာရေး အဆင်ပြေစေရန် အတွက် စက်တင်ဘာ ၇ရက်မှ စ၍ ရန်ကုန်- ကျိုက်ထို ခရီးစဉ် RBE အထူးရထားတွဲ ပြေးဆွဲ ပေးသွားမည်ဟု မြန်မာ့ မီးရထား ဝန်ကြီးဌာန အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း က ပြောသည်။
အဆိုပါ ရန်ကုန်- ကျိုက်ထို ခရီးစဉ် ပြေးဆွဲမည့် အထူး ရထားတွဲ အနေဖြင့် စက်ခေါင်းနှင့် အထူးတွဲ ငါးတွဲ ပါဝင်သည့် ဂျပန်နိုင်ငံထုတ် RBE အမျိုးအစား ဖြစ်ပြီး တွဲဆိုင်း တိုင်းတွင် အထူးခုံများနှင့် လေအေးပေးစက်များ တပ်ဆင် ပေးထားသည် ဟုလည်း ၎င်းကဆိုသည်။
ရန်ကုန်- ကျိုက်ထို ခရီးစဉ်တွင် အထူးရထားတွဲ အနေဖြင့် စက်တင်ဘာ ၇ ရက်မှ စတင် ပြေးဆွဲမည် ဖြစ်သော်လည်း လက်ရှိ အချိန်တွင် ရိုးရိုးတွဲ ရထားများ ပြေးဆွဲ ပေးနေပြီး နေ့စဉ် လူဦးရေ ၅၈ဝခန့် လိုက်ပါ စီးနင်းနေသည်ဟု ခရီးသည် ရုံးချုပ် အထွေထွေ မန်နေဂျာ ဦးအောင်မြင့် လှိုင်က ပြောသည်။
ခရီးသည် ရုံးချုပ် အထွေထွေ မန်နေဂျာ ဦးအောင်မြင့်လှိုင်က ''ရိုးရိုးတွဲမှာ နေ့စဉ် လူဦးရေ ၅၈ဝ ခန့် လိုက်တယ် ဆိုတာက ခရီးသွား မနည်းဘူး ဆိုတာကို ပြောချင်တာ၊  ဒီအထူးတွဲမှာလည်း ခုံပြည့် လူရမယ်လို့တော့ မြင်တယ်။ အခု မိုးတွင်းမှာတော့ နည်းနည်း ခက်ခဲပေမယ့် ပွင့်လင်း ရာသီ ဖြစ်လာရင်တော့ ဖြစ်လာမှာပါ၊ နောက်ပြီး ကျိုက်ထီးရိုးကို ဘုရားဖူး ခရီးသွားလာမှုက များတယ်လေ''ဟု ရှင်းပြသည်။
ရန်ကုန်- ကျိုက်ထို ခရီးစဉ် အထူးရထားတွဲ အနေဖြင့် ခရီးသွားလာမှု အများဆုံး ဖြစ်သည့် ပွင့်လင်း ရာသီတွင် ကျိုက်ထီးရိုး ဘုရားဖူး ခရီးသွားများ အများဆုံး လိုက်ပါ စီးနင်းမည်ဟု မြန်မာ့ မီးရထားဌာနမှ တာဝန်ရှိသူများ အနေဖြင့် မျှော်မှန်း ထားသည်။
အဆိုပါ ရန်ကုန်- ကျိုက်ထို RBE အထူးရထားသည် ရန်ကုန် ဘူတာကြီးမှ စနေနေ့ နံနက်တွင် ထွက်ခွာမည်ဖြစ်ပြီး မွန်းလွဲ ပိုင်းတွင် ကျိုက်ထို ဘူတာသို့ ရောက်ရှိမည် ဖြစ်သည်။ ကျိုက်ထို ဘူတာမှ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။ လမ်းတွင် ပဲခူး၊ ဝေါ၊ သိမ်ဇရပ် ဘူတာ များတွင် ရပ်တန့်မည် ဖြစ်သည်။ ကျိုက်ထိုဘူတာမှ ကင်မွန်းစခန်းအထိ ကျိုက်ထို မော်တော်ယာဉ် အသင်းမှ တစ်ဦးလျှင် ကျပ် ၅ဝဝ နှုန်းဖြင့် ပြေးဆွဲ ပေးမည်ဖြစ်သည်။
စက်တင်ဘာ ၇ရက်တွင် စတင်ပြေးဆွဲမည့်  အထူးရထားတွဲ ခရီးစဉ် အနေဖြင့် ရန်ကုန်- ကျိုက်ထိုအတွက် ရထား လက်မှတ်ခ အထက်တန်း တစ်ခုံလျှင် ငွေကျပ် ၃၅ဝဝ သတ်မှတ် ထားပြီး နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် ထောက်ခံစာဖြင့် လူတစ်ဦးလျှင် လက်မှတ်ငါးစောင်အထိ ဝယ် ယူနိုင်ပြီး အတွဲခုနစ်တွဲလုံးအတွက် လူဦးရေ ၃၃၂ ဦးစီးနင်း နိုင်သည် ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။      
ကွန်းဇော်              

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...