Thursday, October 24, 2013

ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်

 Created on Thursday, 24 October 2013


ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ပြောင်းရွှေ့ရန် အမိန့်စာ ကပ်ထားသည့် ကျူးကျော်တဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမိန့်စာတွင် ကျန်စစ်သား ရပ်ကွက်၊ နောက်ဆုံး စွန့်ပစ်အမှိုက် ဧရိယာအတွင်း အောက်နယ်နိမိတ် သတ်ရာပါ (၃.၆၈) ဧက ခန့်ရှိ မြေတွင် အခွင့်အမိန့် မရရှိဘဲ လက်ရှိလုပ်ကိုင် နေထိုင်လျှက်ရှိသည့် မြေမှ ထွက်ခွာ သွားရမည်ဖြစ်ပြီး ယင်းမြေပေါ်ရှိ အစိုးရမင်းတို့ပိုင် ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်း ထုတ်ယူရမည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော် အောက်ပိုင်းမြို့ရွာရှိ မြေရာအက် ဥပဒေပုဒ်မ-၂၁ အရ ဆင့်ဆိုကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း လက်မှတ်ဖြင့် ဖော်ပြထားသည်။

အမိန့်စာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "ဒီစာထုတ်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ တိုင်းဒေသကြီး အစိုးရက ဒီစာကိုထုတ်တာပါ။ ကျွန်တော်တို့ ထုတ်တာ မဟုတ်ပါဘူး။ ဘယ်လို ဆက်လုပ်သွားမလဲဆိုတော့ အပေါ်က ညွှန်ကြားတဲ့အတိုင်း လုပ်သွားမယ်။ နေခွင့်ပြုလိုက်ဆိုရင် နေခွင့်ပြုလိုက်မယ်"ဟု အောက်တိုဘာ ၂၃ ရက်က ပြောကြားသည်။

ပြောင်းရွှေ့ရန် ဆင့်ဆိုသည့် အမိန့်ကို လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။

"သူတို့တွေ ၁၀ လပိုင်း ၄ ရက်က လာပြီး စာလာကပ်သွားတယ်။ ပြီးတော့ လက်ခံရရှိကြောင်း လက်မှတ် ထိုးခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ လက်မှတ် မထိုးပေးလိုက်ဘူး။ တကယ်လို့ လက်မှတ် ထိုးပေးလိုက်ရင် သဘောတူတယ်ဆိုပြီး လာဖျက်သွားမှာ စိုးလို့ပါ" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ကျူးကျော်တဲတွင် နေထိုင်သော ဒေါ်ခင်သန်းရီက ပြောကြားသည်။

ကျူးကျော်တဲများတွင် နေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာသူများဖြစ်ပြီး စီမံကိန်း (စိမ်းလန်း) မြေကွက်များ ဖြစ်သည်ကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုသည်။

"ကျွန်မတို့ မရှိဆင်းရဲသားတွေအတွက်က တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ဘူး။ နေဖို့အတွက် တစ်နေရာနဲ့ အိမ်ပြန်ဆောက်ဖို့အတွက် ပြန်ပြီး ကူညီပေးမယ်ဆိုရင် ကျွန်မတို့အတွက် ပြောင်းရွှေ့ဖို့က အဆင်ပြေသွားမယ်လို့ ထင်တယ်" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီး ကျူးကျော်တဲတွင် နေထိုင်သော ကလေးနှစ်ဦး မိခင် ဒေါ်ကြည်ကြည်ထွေးက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...