Thursday, October 24, 2013

" သုညမရှိတဲ့ မီးဖိုချောင်ကမ္ဘာ "







( Living Fashion | Manner )

ကိုယ်တို့ရဲ့ မီးဖိုချောင်ထဲမှာ အမှိုက်ပုံးထဲကို တော်တော်များများလွှင့်ပြစ်နေရပြီဆိုရင် အလေအလွင့်တွေများနေပြီပေါ့။ အသုံးပြုလို့မရတဲ့သုညလေးတွေဟာ ငွေယိုပေါက်ကို
ပိုပြီးကြီးမားအောင်ဖျက်ဆီးကြလိမ့်မယ်။ အလဟသဖြုန်းတီးမှုတွေနဲ့ မီးဖိုချောင်လေးကို မနစ်မွန်းစေသင့်ပါဘူး။ လျှော့သုံး / ပြန်သုံး အလေ့အကျင့်လေးတွေနဲ့
မီးဖိုချောင်ကမ္ဘာလေးကို ရှင်သန်သွားချင်တယ်ဆိုရင်တော့ ဒီလိုနည်းလမ်းလေးတွေက ကူညီပါလိမ့်မယ်။

၁. ဟင်းသီးဟင်းရွက်တွေ ပြန်လည်ရှင်သန်အောင်

ဒီလိုပြောရင် ထူးဆန်းသလိုဖြစ်နေမှာပဲ။ ဒါပေမဲ့ တကယ်ပါ။ ကြက်သွန်မိတ်တွေဟာ သူတို့ရဲ့ အဖြူသားအဆုံးနေရာကနေ ပြန်လည်ကြီးထွားလာတတ်ပါတယ်။ သူတို့ကို
ရေတစ်ဖန်ခွက်ထဲမှာထည့်ထားပေးပါ။ ပြီးတော့ နေရောင်ပြထားပေးပေါ့။ အစိမ်းရောင်အပိုင်းနားအထိ ရက်အနည်းငယ်ကြာတိုင်းဖြတ်ပြီး စားသုံးနိုင်ပါတယ်။ အဲဒီနည်းနဲ့
သူတို့ရဲ့ရာသီကုန်ဆုံးချိန်အထိ ရှင်သန်လတ်ဆတ်စွာနေနိုင်ကြတယ်။

၂. Cheese လို့ ပြောကြည့်ပါ။

နွားနို့တစ်ဂါလံဗူးကို ရက်မလွန်ခင် အကုန်အစင်အသုံးပြုဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်/ နို့ချဉ်ဖောက်နိုင်ပါတယ်။ cottage cheese ပြုလုပ်နိုင်ပါတယ်။ cottage cheese
(ဒိန်ခဲပျော့)ကို ချဉ်သွားခဲ့တဲ့နွားနို့ ၁ဂါလံ၊ white venegar ၃/ ၄ ဇွန်း၊ ဆား ၁ ဇွန်းခွဲ၊ ကရင်မ် ဇွန်းတစ်ဝက်အသုံးပြုပြီး ပြုလုပ်နိုင်တယ်။ ပြုလုပ်ပုံကိုတော့ ဒီမှာ(http://www.foodnetwork.com/recipes/alton-brown/quick-cottage-cheese-recipe/index.html) ဖတ်ကြည့်နိုင်ပါတယ်။ ကလေးတွေရဲ့သွားရေစာ မုန့်အချိုအဖြစ်လည်း ပြုလုပ်နိုင်ပါတယ်။ ချဉ်သွားခဲ့တဲ့နွားနို့ကို ဂျုံမှုန့်၊ ကြက်ဥနှစ်လုံး ဆားအနည်းငယ်နဲ့ (သင့်တော်သလိုခပ်ပြစ်ပြစ်အနှစ်ရအောင်) ရောမွှေထားပါ။

မုန့်ဖုတ်တဲ့လင်ဗန်းကို ခပ်နွေးနွေးအပူပေးထားပြီး ထောပတ် ဒါမှမဟုတ် မာဂျရင်းကို ဗန်းထဲမှာအနှံ့သုတ်လိမ်းလိုက်ပါ။ အဲဒီဗန်းထဲကို ရောမွှေထားတဲ့ဂျုံ နို့အနှစ်ရည်တွေကို
ဖြန့်ထည့်ပြီး oven ထဲထည့်ကာ မုန့်ဖုတ်နိုင်ပါတယ်။ အပေါ်သားတွေရွှေညိုရောင်သန်းလာပြီဆိုရင် အရသာရှိတဲ့သွားရေစာတမျိုးရနိုင်မှာပေါ့။

၃. အသုံးပြုပြီးသားကော်ဖီမှုန့်လေးတွေကို တစ်နေရာမှာအသုံးပြုမယ်

ကော်ဖီတစ်ခွက်နှပ်ပြီး ကျန်နေရစ်တဲ့ ကော်ဖီမှုန့်အနည်အနှစ်တွေဟာ စိတ်အနှောင့်အယှက်ပေးတတ်တဲ့ ပုရွက်ဆိတ်လေးတွေကို ဝေးဝေးပြေးစေပါသတဲ့။
အနံ့ဆိုးတာတွေဖယ်ရှားပြစ်နိုင်တယ်။အိမ်တွင်းအလှဆင်ပန်းအိုးငယ်လေးတွေထဲကို မြေသြဇာအဖြစ်ထည့်သုံးပေးရင်လည်း အပင်လေးတွေ တက်ကြွရှင်သန်စေသတဲ့။

၎. ပိုးမွှားဂြိုဟ်ကောင်လေးတွေကို မောင်းထုတ်တယ်

လိမ္မော်သီးတစ်လုံးစားရင် ခွာထားတဲ့အခွံလေးတွေဟာ အသေအချာအသုံးဝင်ပါတယ်။ အထူးသဖြင့်နွေရာသီအချိန်တွေမှာပါ။ ခြင်နဲ့ ပုရွက်ဆိတ်လို အင်းဆက်ပိုးမွှားလေးတွေ
ခြောက်လှန့်နိုင်တယ်။ အောက်သိုးသိုးမှိုနံ့မျိုးတွေလည်း ကင်းစင်စေပါတယ်။

၅. အတွင်းကြေနေတဲ့အသီးအနှံကို မုန့်ဖုတ်မယ်

နီညိုညိုအရောင်ပြောင်းနေတဲ့ အမှည့်လွန်ငှက်ပျောသီးကို အမှိုက်ပုံးထဲ လွှင့်ပြစ်တာထက် oven ထဲထည့်ပြီး ကိတ်မုန့်ဖုတ်သလိုပြင်ဆင်လိုက်မယ်ဆိုရင် အနံ့အရသာကောင်းမွန်တဲ့ မုန့်အချိုအဖြစ်စားနိုင်မှာပါ။

၆. Snacks အပိုင်းအစတွေ

အာလူးကြော်လို snack အကျိုးအကြေခပ်ပျော့ပျော့တွေကို လွှင့်မပစ်လည်းရပါတယ်။ အဲဒီ snack လေးတွေကို မိုက်ကရိုဝေ့ဖ်သုံး ပန်းကန်ပြားထဲထည့်ပြီး ၁၀ စက္ကန့်လောက်
အပူပေးထားလိုက်ရင် ကြွပ်ရွနေတဲ့ snack လေးတွေဖြစ်သွားမှာပါ။ စားချင်စဖွယ်ဖြစ်နေမှာပါပဲ။

၇. ပီဇာလက်ကျန်ကို ပြန်ပြီးကြွပ်ရွအောင်

မကုန်သေးဘဲကျန်နေတဲ့ ပျော့အိအိ လက်ကျန်ပီဇာမုန့်ကို ပြန်ပြီးကြွပ်ရွစေချင်ရင်တော့ မိုက်ကရိုဝေ့ဖ်ကို မသုံးပါနဲ့တဲ့။ အဲဒီအစား နူးအိနေတဲ့အဲဒီ ပီဇာအချပ်တွေကို ဒယ်အိုး
(frying pan)ထဲမှာ အပူသင့်ရုံလောက်နဲ့ ၅ မိနစ်လောက်နွှေးပေးပါ။ နွှေးတဲ့အခါ အလူမီနီယံပြားကို ဖုံးကာပြီးနွှေးရမှာပါ။ ၅ မိနစ်လောက်နေရင်တော့ အလူမီနီယံစက္ကူကိုခွာပြီး
ကြည့်ရင် ပီဇာအပေါ်သားတွေပါ ကြွပ်ရွရွလေးဖြစ်နေပါလိမ့်မယ်။

၈. အိမ်လုပ်ဆိုဒါရေခဲချောင်း

ဆိုဒါဖျော်ရည်တွေကို ဒီအတိုင်းပဲသောက်ရတာ ရိုးရိုးရှင်းရှင်းကြီးပျင်းရိစရာဖြစ်နေမှာပါ။ အရသာရှိရှိဧည့်ခံနိုင်ဖို့ နည်းနည်းလေးလောက်စိတ်ရှည်ပေးရင်ပဲရပါပြီ။
ဆိုဒါဖျော်ရည်တချို့ကို ရေခဲတဲ့ခွက်(ice cube tray) ထဲထည့်ပါ။ သစ်သားချောင်း/ သွားကြားထိုးတံလေးတွေဖြစ်ဖြစ် ထိုးစိုက်ထားပါ။ သူတို့ခဲသွားပြီဆိုရင်တော့
ဆိုဒါရေခဲချောင်းစားနိုင်ပြီပေါ့။

၉. မနေ့ကကျန်တဲ့ပေါင်မုန့်တုံး

မနေ့ကအကျန်ဆိုပြီး မဖြုန်းတီးပြစ်လိုက်ပါနဲ့။ အဲဒီပေါင်မုန့်ကို အခြောက်ခံထားပါ။ ကိုယ်တို့ရဲ့ သွားကို ပဲ့ထွက်သွားအောင်မလုပ်နိုင်သေးသရွေ့ အဲဒီပေါင်မုန့်အိုတစ်လုံးဟာ
အသုံးဝင်ပါတယ်။ အတုံးလေးတွေပြုလုပ်ပြီး ဒယ်ထဲမှာဆီပူထိုးနိုင်ပါတယ်။ အဲဒီပေါင်မုန့်ခြောက်ကြော်တုန်းလေးတွေကို ဆလတ်နဲ့တွဲစားစရာ ဒါမှမဟုတ် စွပ်ပြုတ်တစ်ခွက်မှာ
ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ခြောက်သွားတဲ့ပေါင်မုန့်ကို ကြိတ်စက်နဲ့ကြိတ်ခြေ၊ ပေါင်မုန့်ခြောက်အမှုန့်အဖြစ်သိမ်းထားပြီး အသားကြော်ရာမှာ
သုံးတဲ့အမှုန့်အဖြစ်အသုံးပြုနိုင်သေးတယ်။

၁၀. အရင်ကအရက်သေစာ အခုတော့ တွေးခေါ်သူပါ

ပုံမှန်water filter မှာ ဈေးမကြီးတဲ့ဗောဒ့်ကာအရက်ကို ထည့်ပြီးစစ်သုံးလိုက်တာနဲ့ ကောင်းမွန်တဲ့အရည်အသွေးကိုရနိုင်သတဲ့။ ၅. ၉၉ ဒေါ်လာလောက်ပဲရှိတဲ့ ဗောဒ့်ကာ နှစ်ပုလင်းကို water filter နဲ့ ခြောက်ကြိမ်လောက်စစ်ပြီးသောက်ကြည့်တဲ့အခါ အရသာဟာ အကောင်းစားဗော့ဒ်ကာအရသာအတိုင်းပါပဲ။ water filter ဟာ
ကာဘွန်အခြေခံပြီး မသန့်စင်တာတွေကို စစ်ထုတ်လိုက်တာပါ။ ဈေးပေါတဲ့ဗောဒ့်ကာမှာ အရည်အသွေးညံ့တဲ့ပါဝင်ပစ္စည်းသုံးထားတတ်ကြတယ်။ water filter
နဲ့အသုံးပြုပြီးသောက်ကြည့်တဲ့အခါမှာတော့ ကိုယ်တို့ဟာ တွေးခေါ်မျှော်မြင်နိုင်စွမ်း အားကြီးသူတွေဖြစ်သွားပြီပေါ့။

၁၁. နှစ်ခေါက်လောက်တော့ပြန်ကြည့်ပါ

ဆန်တွေကသိမ်းထားတာကြာနေပြီ ပိုးကိုက်နေပြီဆိုပြီးလွှင့်ပြစ်မယ်ဆိုရင် မပြစ်ခင်ပြန်စဉ်းစားပါဦး။ ဆန်ဗီရို/ ဆန်ပုံးထဲမှာ လအနည်းကြာထည့်ထားတဲ့ဆန်ဆိုရင် ပိုလို့
တောင် စဉ်းစားရဦးမှာပါ။ အဲဒီဆန်တွေဟာ မတော်တဆရေစိုသွားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ခြောက်သွေ့စေလို့ပါပဲ။ ရေစိုသွားခဲ့တဲ့ပစ္စည်းကို ဆန်ပုံး၊ ဆန်အိုးထဲမှာ ၂၄ နာရီကြာ ထည့်ထားပေးရုံပါ။ iPod/ iPhone ဖြစ်ဖြစ် ရေထဲပြုတ်ကျခဲ့ရင်လည်း power ကို ပိတ်ပြီး ဆန်ပုံးထဲမှာ နှစ်မြုပ်ထည့်ထားပေးပါ။ အစိုဓာတ်ကို စုပ်ယူပေးနိုင်မှုမှာဆိုရင် အကုန်အစင်ခြောက်သွေ့သွားတဲ့အထိပါ။ ၂၄ နာရီအနည်းဆုံးထည့်ထားရ ပါမယ်။ နေရာပြောင်းလှုပ်ရှားတာလည်းမလုပ်ပါနဲ့တဲ့။ အဲဒီနောက်မှာ
ဖုန်းဟာ ခြောက်သွေ့ပြီး ပုံမှန်အတိုင်း အသုံးပြုလို့ရနေတာတွေ့ရပါလိမ့်မယ်။

၁၂. ရေမြှုပ်တွေမှာရှိတဲ့ ဗက်တီးရီးယားတွေကို မောင်းထုတ်မယ်

ပန်းကန်ဆေးရေမြှုပ်ဟောင်းတစ်တုံးဟာ အမှိုက်ပုံးထဲလွှင့်ပြစ်လိုက်ရတော့မလိုပါပဲ။ ဒါပေမဲ့ မိုက်ကရိုဝေ့ဖ်ထဲကို ၂ မိနစ်လောက်ထည့်ထားလိုက်မယ်ဆိုရင် အဲဒီ
ရေမြှုပ်မှာရှိနေတဲ့ ဗက်တီးရီးယား ၉၉ ရာခိုင်နှုန်းကို သန့်စင်ပေးနိုင်ပါတယ်။ ရေမြှုပ်အသစ်တစ်တုံးလိုပဲ အသုံးပြုနိုင်ပါလိမ့်မယ်။ မိုက်ကရိုဝေ့ဖ်ထဲ မထည့်ခင်မှာတော့ စိုစွတ်အောင်အရင်ပြုလုပ်ထားဖို့ မမေ့ပါနဲ့။

၁၃. တရုတ်နံနံကို ဂရုစိုက်နည်းက

တရုတ်နံနံဟာ လတ်ဆတ်ကြွတ်ရွနေမှ စားလို့ကောင်းတယ်။ နည်းနည်းလေးပျော့လာတာနဲ့ လွှင့်ပြစ်ရတော့မှာပါ။ ပျော့နေတဲ့တရုတ်နံနံရိုးတံကို ရေအေးတစ်ခွက်ထဲမှာ
လှီးထားတဲ့အာလူးတုံးအနည်းငယ်နဲ့ စိမ်ထားပါ။ တစ်နာရီလောက်ကြာရင် ရိုးတံလေးတွေဟာ ခပ်ကြွပ်ကြွပ် လတ်ဆတ်နေပါလိမ့်မယ်။ တရုတ်နံနံအရွက်လေးတွေ
ညိုဝါဝါအရောင်ပြောင်းလာပြီဆိုရင်အဲဒါကိုလည်းရပ်တန့်နိုင်ပါတယ်။ ရေခဲသေတ္တာထဲကိုမသိမ်းခင် ရေအေး ၂ ပိုင့်ထဲမှာ လီမွန်သံပုရာ တစ်ဇွန်းထည့်ပြီး မိနစ် ၃၀ ခန့်
စိမ်ထားပါ။ ပြီးမှ သိမ်းပါ။ ဆိုင်ကဝယ်လာခါစအနေအထားအတိုင်း စိမ်းစိမ်းစိုစိုရှိနေတာတွေ့ရပါလိမ့်မယ်။

၁၄. သံပုရာသီး မဖြုန်းတီးဖို့

သံပုရာရည်၊ ရှောက်သီးအစက်အနည်းငယ်လေး အသုံးပြုဖို့အတွက် လှီးဖြတ်၊ ဖျစ်ညစ်စရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်း သွားကြားထိုးတံလေးနဲ့ပဲ အပ်စိုက်သလို ထိုးစိုက်လိုက်ပြီး
အသာအယာညှစ်ကာ လိုအပ်သလောက်ယူပါ။ ပြီးရင်တော့ အဲဒီအပေါက်လေးကို တိတ်ပ် နဲ့ ဖုံးကားပြီး ရေခဲသေတ္တာထဲ သိမ်းပါ။ နောက်တစ်ခါသုံးဖို့အတွက် မဖြုန်းတီးမိဖို့ပါပဲ။

၁၅. ဆီဆွတ်ထားတဲ့ ကြက်ဥလေးတွေ

လတ်ဆက်တဲ့ကြက်ဥတွေရဲ့ သက်တမ်းကို ကြာရှည်စေချင်ရင် စက္ကူပုဝါစကို ဟင်းသီးဟင်းရွက်ဆီထဲနှစ်ပြီး ကြက်ဥတွေကို ပွတ်တိုက်ပေးပါ။ ပြီးမှ
ရေခဲသေတ္တာထဲသိမ်းပေးပါ။ ဆီဟာ ကြက်ဥတွေကို ကြာရှည်လက်ဆတ်နေစေတယ်။ ၃ ပတ်ကနေ ၄ ပတ်အထိ အထားခံပါတယ်တဲ့။

၁၆. အာလူးအတွက် အလုပ်ပိုနေပြီလား

အာလူးဆလတ် ဒါမှမဟုတ် အာလူးအသားဟင်းပွဲကြီးကြီးချက်ပြုတ်ဖို့ အာလူးတွေအများကြီးပဲ အခွံခွာရတော့မယ်ဆိုရင် စိတ်ညစ်မသွားပါနဲ့။ အဲဒီအာလူးတွေအားလုံး အိုး/
ဇလုံထဲ ထည့်ပါ။ ပြီးရင် အားလုံးမြုပ်တဲ့အထိ ရေအေးလောင်းထည့်ပြီး ရှာလကာရည်အစက်အနည်းငယ်ထည့်ပါ။ ရေခဲသေတ္တာထဲ ၃ ရက် ၄ ရက် ထည့်သိမ်းထားပါ။
ကိုယ်လိုအပ်တဲ့နေ့မတိုင်ခင် ၃/ ၄ ရက်စာကြိုတင်ပြင်ဆင်ဖို့တော့ လိုတာပေါ့။

၁၇. အညိုရောင်စက္ကူအိတ်နဲ့ ဆလတ်

ဆလတ်ရွက်အထုပ်တွေကိုရေခဲသေတ္ထာထဲသိမ်းမည်ဆိုရင် ဆလတ်ထုပ်ဟာ လေကို စုပ်ယူလိုတယ်။ လေကို ကြိုက်တာကြောင့် ပလပ်စတစ်အိတ်နဲ့ သိမ်းတာထက်
စက္ကူအိတ်နဲ့ သိမ်းတာက ပိုပြီး ကြာရှည်ခံစေတယ်။ ခပ်ပျော့ပျော့အပြင်လွှာတွေကို ခွာမပြစ်ပါနဲ့။ အဲဒီအပြင်လွှာတွေဟာ အတွင်းလွှာတွေကို လတ်ဆတ်နေစေဖို့
ထိန်းသိမ်းကူညီပေးတာကြောင့်ပါ။

၁၈. နောက်ဆုံးနည်းလမ်းကတော့ မြေသြဇာအဖြစ်ပေါ့
နည်းလမ်းတွေအားလုံး ရှုံးနိမ့်သွားခဲ့ပြီး သစ်သီးသစ်ရွက်တွေ ပုပ်ဆိုးဆွေးမြေ့ကုန်ကြပြီဆိုရင်တော့ သစ်သီးပုပ်၊ ဟင်းသီးဟင်းရွက်အနွမ်းတွေဟာ ကိုယ်တို့ရဲ့ ပန်းခြံအတွက်
အကောင်းဆုံးဆေး မြေသြဇာ (compost) ပါပဲ။ သူတို့ကို ဥပေက္ခာမပြုလိုက်ပါနဲ့။ သူတို့အတွက် မီးဖိုချောင်အပြင်ဘက်မှာ အကောင်းဆုံးတစ်နေရာ ရှိနေပါသေးတယ်။ ။

ဖြိုးဖြိုး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...