Thursday, October 24, 2013

သီလ၀ါ စီမံကိန်းအတွင်း ပြောင်းရွှေ့ရမည့် ဒေသခံများကို နေထိုင်ခွင့်ရမည့် နေအိမ်နှင့် မူလနေအိမ် အကျယ်အ၀န်း ကွာခြားချက်အပေါ် မူတည်၍ အပိုထပ်ဆောင်းကြေး တွက်ချက်ပေးမည်ဟုဆို


Thursday, 24 October 2013



မြိုင်သာယာ ကွက်သစ်၌ စီမံကိန်း လုပ်ငန်းခွင်ဧရိယာကို အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ်

သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်း ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံများအား မြိုင်သာယာ ကွက်သစ်သို့ ပြောင်းရွှေ့နေရာ ချထားပေးမည်ဖြစ်ရာ တစ်အိမ်ထောင်လျှင် ၂၅ x ၅၀ ပေရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ၁၂ x ၁၆ ပေရှိ အိမ်များ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှု ကော်မတီမှ သိရသည်။

ယင်းသို့ ပြောင်းရွှေ့နေရာ ချထားပေးရာ၌ ဒေသခံများ မူလနေထိုင်သည့် နေအိမ်ဧရိယာနှင့် ပြောင်းရွှေ့ရမည့် မြိုင်သာယာ ကွက်သစ် ရှိ ၁၂ x ၁၆ ပေရှိ နေအိမ်ဧရိယာ အကျယ်အ၀န်းဧရိယာ၏ ကွာခြားချက်ပေါ် မူတည်၍ အပို ထပ်ဆောင်းကြေးများ သတ်မှတ်ပြီး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အခု မြိုင်သာယာမှာ သူတို့ ဆောက်ရမယ့် နေအိမ်က ၁၂ x ၁၆ ပေရှိတဲ့ အိမ်တွေ ဆောက်ရမှာပါ။ ၁၂ x ၁၆ ပေက ၁၉၂ စတုရန်းပေ ရှိတယ်။ ဥပမာ-သူတို့ လက်ရှိနေတဲ့ အိမ်ဧရိယာက ၂၀၀ စတုရန်းပေ ရှိတယ်ဆိုပါစို့။ အခုပေးမှာက ၁၂ x ၁၆ ပေဆိုတော့ ၁၉၂ စတုရန်း ပေရှိတယ်။ အဲဒီတော့ သူ့အိမ်က ရှစ်စတုရန်းပေ ကြီးနေတယ်။ ပိုကျယ်အတွက် ဧရိယာအတွက် အိမ်ဧရိယာနှစ်ခုရဲ့ ကွာခြားချက်ကို ယူလိုက်တာပေါ့။ အဲဒီကွာခြားတဲ့ ဧရိယာကို တစ်စတုရန်းပေကို ၈၉၀၀ နှုန်းနဲ့ သတ်မှတ်ပြီးပေးမှာ။ အဲဒီမှာ ကွာနေရင် ကွာသလောက်ကိုပေးမှာ"ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဒေါ်မီမီအောင်က ရှင်းပြသည်။

"အန်တီတို့ပေးတဲ့ အပိုထပ်ဆောင်းကြေးဟာ မြေကွက်၊ မြေအပေါ်မှာ မူတည်ပြီး ပေးတာမဟုတ်ဘူး။ အဲဒါမှားနေတယ်။ ဒေသခံတွေ သူတို့မူလနေတဲ့ အိမ်နဲ့ အခုသူတို့ရမယ့် အိမ်ဧရိယာ အကျယ်အ၀န်း ကွာခြားချက် အပေါ်မှာ မူတည်ပြီးသာ တစ်စတုရန်းပေကို ၈၉၀၀ နှုန်းနဲ့ အပိုထပ်ဆောင်းကြေးပေးမှာ"ဟု ဒေါ်မီမီအောင်က ဆက်လက် ပြောကြားသည်။ ဒေသခံများအတွက် အောက်တိုဘာ ၉ ရက်တွင် အိမ် စတင် ဆောက်လုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့ပေးရမည့် ဒေသခံများအနေဖြင့် မြိုင်သာယာ ကွက်သစ်ရှိ ၎င်းတို့ရရှိသော မြေကွက်များတွင် ကိုယ်တိုင် အိမ်ဆောက်လုပ်လိုပါက ဆောက်လုပ်နိုင်ကြောင်း၊ သို့မဟုတ်ပါက ကော်မတီအနေဖြင့် ဆောက်လုပ်လိုပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် မဲနှိုက် ရွေးချယ်ပွဲတွင် ရရှိသည့် သတင်းများအရ ကိုယ်တိုင် ဆောက်လုပ်လိုသူ ၄၉ ဦးနှင့် ကော်မတီအနေဖြင့် ဆောက်လုပ်လိုသူ ၁၇ ဦးရှိကြောင်း သိရသည်။

"အသက်မွေး ၀မ်းကျောင်းအတွက် နစ်နာကြေးဆိုတာက လယ်လုပ်တဲ့သူ၊ ကျပန်းလုပ်တဲ့သူ၊ နောက်တစ်ခါ ယာစိုက်တဲ့သူ ကွမ်းတို့ဘာတို့ စိုက်တဲ့သူပေါ့။ သူတို့ဒီမှာ လယ်လုပ်တယ်။ လယ်တစ်ဧကကို တစ်နှစ်ကို တင်း ၅၀ ထွက်တယ်။ အဲဒါဆိုရင် အန်တီတို့က တင်း ၅၀ အပေါ်မှာပဲ ပေါက်ဈေးအတိုင်း ခြောက်နှစ်စာ ပေးတယ်။ ဥပမာ-တစ်တင်းကို ၅၀၀၀ ကျပ်ပဲထား၊ ၅၀၀၀ ကျပ်ကို ခြောက်နဲ့မြှောက်ပြီး အန်တီတို့က ပေးမယ်"ဟုလည်း သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...