Thursday, October 24, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်ရှိဟု အတိုက်အခံပါတီ NLD ထုတ်ပြန်

 Created on Thursday, 24 October 2013


အောက်တိုဘာ ၂၃ ရက်က မုံရွာ၌ NLD က ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူပွဲ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော် ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က The Daily Eleven သို့ ပြောကြားသည်။

သို့ရာတွင် မိမိမှာ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် ပါဝင်သည့်အတွက် ကော်မတီ စည်းမျဉ်းစည်းကမ်းများအရ ပြောကြားနိုင်ခြင်း မရှိကြောင်း ဖြေကြားသည်။

ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော အချက်များကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် လွှတ်တော်အစည်း အဝေးတွင် သတင်းထောက်များကို ပြောကြားသည်။ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေး၌ စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ၁၀၉ ဦးဖြင့် ဇူလိုင် ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တိုင်းရင်းသားများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ပြန်လည်ရေးဆွဲရေးအတွက် အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူမှုများ ပြုလုပ်လျှက်ရှိကာ ပြည်ထောင်စု လွှတ်တော်သို့ ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထား တင်ပြမည်ဖြစ်ကာ ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ က တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ပြီး အချို့ပုဒ်မများမှာ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြချက်များအရ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...