Saturday, December 14, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲ ကော့မှူးမြို့နယ်တွင် ယနေ့ပြုလုပ်မည်

 Saturday, 14 December 2013


NLD ပါတီ နေပြည်တော်တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထု သဘောထားဆန္ဒ ရယူပွဲကို ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) တွင် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ ဘောလုံးကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဟောပြောမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူထုဆန္ဒ သဘောထား ရယူပွဲ အခမ်းအနားကို နံနက် ၈ နာရီ မိနစ် ၃၀ မှစ၍ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးဌေးဦးတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဟောပြောကြမည် ဖြစ်သည်။

ထို့နောက် ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လူထုသဘောထား ရယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လူထုအား မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ်မိန့်ခွန်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် ဒီဇင်ဘာ ၁၅ ရက်တွင် ပဲခူးမြို့တွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဟောပြောရန် စီစဉ်ထားကြောင်းလည်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုသဘောထား ရယူပွဲများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ပြုလုပ်ခဲ့ရာ ရာခိုင်နှုန်း ၈၀ ကျော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြသည်။



ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လူထုသဘောထား ရယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လူထုအား မိန့်ခွန်းပြောကြားခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ်မိန့်ခွန်း ပြောကြားခြင်းဖြစ်...




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လူထုသဘောထား ရယူပွဲများကို ဒီဇင်ဘာ ၃၀ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး ရရှိလာသော ပြည်သူ့သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံမှ ပြင်ဆင်လိုသည့်အချက် ၁၀၀ ကျော် အဖွဲ့ချုပ်ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ပူးပေါင် ကော်မတီသို့ မတင်ပြမီ သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်ခုနစ်ဦး အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ယင်းကော်မတီမှ လေ့လာတွေ့ရှိ ချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ ရောက်ရှိ ခဲ့ပြီး အကြံပြုချက်စုစုပေါင်း ၂၅၀၅ ရရှိခဲ့ရာ သမ္မတအရည်အချင်း ဆိုင်ရာပုဒ်မ ၅၉(စ) ပါဝင်သည့် အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းကို ပြင်ဆင်ရန် အကြံပြုချက် ၂၆၁ ချက်ပါဝင်ကြောင်း ကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။

ရရှိခဲ့သော အကြံပြုချက်များအနက် အခန်း(၁)နိုင်ငံတော် အခြေခံမူများ အခန်းအတွက် အကြံပြုချက် ၅၉၃ ချက်၊ အခန်း(၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်းအတွက် အကြံပြုချက် ၃၆ ချက်၊ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အခန်းအတွက် အကြံပြုချက် ၂၆၁ ချက်၊ အခန်း(၄)ဥပဒေပြုရေး အခန်းအတွက် အကြံပြုချက် ၃၀၉ ချက်စသည်ဖြင့် အခန်းအလိုက် အကြံပြုချက်များ ရရှိခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...