Saturday, December 14, 2013

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားခြင်း မရှိသေးသော်လည်း ရုရှားနိုင်ငံမှ သတ္တုတူးဖော်ရေး ကုမ္ပဏီ Noble Gold မြန်မာနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်ရန် လေ့လာနေ

Saturday, 14 December 2013


နန့်တခွန်သစ်တော ကြိုးဝိုင်းအတွင်းရှိ Noble Gole ကုမ္ပဏီသို့ သွားရာလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အငယ်ထွေး)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားခြင်း မရှိသေးသော်လည်း ရုရှားနိုင်ငံမှ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Noble Gold က မြန်မာနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်ရန် လေ့လာနေကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်၊ မူးမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံသည့် မြစ်ဖျားတိုင်းဒေသရှိ နန့်တခွန်ကြိုးဝိုင်း သစ်တောဝန်းအတွင်း ဧကသုံးသိန်းပေါ်တွင် ရုရှားနိုင်ငံ သတ္တုတူးဖော်ရေးကုမ္ပဏီ Noble Gold မှပြည်တွင်းမှ ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်၍ သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် လေ့လာနေမှုအပေါ် သဘာဝပတ်ဝန်းကျင် ပညာရှင်များက စိုးရိမ်နေကြောင်းနှင့် အဆိုပါ သတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသော အဆိပ်သင့်ဓာတု ပစ္စည်းများကြောင့် မြစ်ကြောင်းတစ်လျှောက် ပြည်သူများ အန္တရာယ် အကြီးအကျယ် ကျရောက်နိုင်ကြောင်း သုံးသပ်ကြသည်။

''နန့်ဆာစီချောင်း ဘေးတစ်လျှောက်မှာ နန့်တခွန်သစ်တောကြိုးဝိုင်းထဲမှာ လုပ်ကွက် ဧရိယာ ဧကသုံးသိန်းကို ရုရှား UK ကုမ္ပဏီ Noble Gold က လာပြီး Survey လုပ်နေတယ်။ အဲဒီချောင်းဘေးမှာ ရှမ်းကဒူးရွာ ငါးရွာရှိတယ်။ ဒီရွာတွေက နောင်ကွတ်၊ ဝေမံကော၊ ပံပြင်းခံ၊ မန်းနားရွာဆိုတဲ့ ရွာတွေပါ။ အဲဒီရွာ ငါးရွာပေါင်းမှ အိမ်ခြေ ၃၀၀ ပဲရှိ တယ်။ စကားပြန်တွေလည်း ရှိတယ်။ သူတို့ လုပ်နေတဲ့ ပုံစံက နှစ်ပေ ပတ်လည်လောက်မှာ တွင်းတစ်တွင်းစီတူးတယ်။ နှစ်ပေကွာ နှစ်ပေကွာမှာ စကွဲယားချပြီးတူးတာ။ ရှစ်လက်မရှိတဲ့ တွင်းတွေပေါ့။ တူးပြီးရင် ပေ ၂၀ အောက်မှာ ထွက်လာတဲ့ mineral တွေကို မြေသားတွေဖယ်၊ ကျောက်စတွေဖယ်ပြီး ဒီပတ်ဝန်းကျင်ရွာက ရွာသားတွေကိုခေါ်ပြီး ကျင်တယ်။ ကျင်ပြီးရင်ဓာတ်ခွဲတယ်။ ဆို တော့ ရုရှားသံရုံးကို မေးတဲ့အခါကျတော့ ဟုတ်တယ်။ Noble Gold ရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့ ဘာ Process လုပ်နေတယ်ဆိုတာ မသိဘူးလို့ဖြေတယ်။ ဒါပေမဲ့ Myanmar Investment Commission ကတော့ ငြင်းထားတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့ ၂၀၀၉ လောက်မှာ စသိတာက ဘာလို့လဲဆိုရင် ရုရှားက ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ ထူးနဲ့ချိတ်ပြီး ဧကနှစ်သိန်းခွဲလောက်ရှိမယ်။ တိုက်တေနီယမ် တူးဖော်ဖို့ လုပ်နေတယ်လို့ ကြားတယ်။ ထူးပါ မပါ ဆိုတာတော့ စုံစမ်းနေတုန်းပါပဲ။ တိုက်တေနီယမ်ကလည်း ကမ္ဘာပေါ်မှာ အရမ်းဈေးကြီးတယ်။ ဒုံးကျည်လုပ်တဲ့ နေရာတွေမှာ သုံးတယ်လို့ ကြားဖူးတယ်။ Noble Gold ကလည်း ဒုံးတို့ ဘာတို့ လုပ်တယ်ဆိုတော့ ဖြစ်နိုင်တယ်။ Cover အတွက် ဖြစ်ဖို့များတယ်။ သိရသလောက် Noble Gold ကတော့ ၂၀၁၄ မတ်လဆိုရင် သူ့ရဲ့Survey Contract က ပြည့်ပြီ။ ဒါပေမဲ့ ပထမစပြီး ၀င်တဲ့အချိန် ၂၀၁၀ မှာ ရွာတွေကိုဖယ်ဖို့ ကိစ္စပျက်တယ်။ နောက်တော့ Survey ဖြစ်တဲ့အတွက် ရွာတွေကို မဖယ်သေးဘူး။ နောက်ရွာကို မေးကြည့်တော့ အဲဒီရွာတွေက ဘာမှန်းကို မသိတာ။ တကယ် ရှေးဘိုးဘွား ဘီဘင်လက်ထက် ကတည်းက တစ်နေရာနဲ့ တစ်နေရာ ရွှေ့ပြောင်းနေထိုင်တယ် ဆိုတာလည်း မရှိဘူး။ ဒီတောထဲ တောင်ထဲမှာပဲ တစ်လျှောက်လုံးနေတယ်။ ကိုယ့်ဟာကိုယ်စား တယ်။ ကိုယ့်ဟာကိုယ်စိုက်တယ်။ ကိုယ်စားဖို့ ကိုယ်စိုက်ကြတာ။ အချင်းချင်း စပါးပိုရင် ရောင်းစားမယ်။ တချို့က နန့်စာဆီ ချောင်းထဲမှာ ရွှေကျင်တယ်။ ပြီးတော့ ရုရှားက သူ့လုပ် ကွက်ဧက သုံးသိန်းနဲ့နီးတဲ့နေရာမှာ တကယ်လို့ တစ်စုံတစ်ယောက်က ရွှေလာတူးတယ် ဆိုရင်လည်း ပင်လယ်ကူးဘက်က လာလာတူးကြတာကိုး။ လာတူးရင် သူတို့က ကန့်ကွက်တယ်။ မလုပ်နဲ့တဲ့။ ဒါပေမဲ့ ပေ ၂၀ အထက်ကိုတော့ ကြိုက်သလိုလုပ်။ ပေ ၂၀ အောက်ကိုတော့ လုံးဝမထိနဲ့ဆိုတော့ တကယ် တန်းမှာ ရွှေကြောက ပေ ၂၀ လောက်အ တွင်းမှာပဲ ရှိတာဆိုတော့ အဲဒီကလည်း သူရွှေ မလုပ်ဘူးဆိုတာ သေချာသွားပြီပေါ့။ တကယ်လို့ တူးတယ်ဆိုရင် ရွာသားကို တိုက်ရိုက် မပြောပေမယ့် အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်ကန့်ကွက်တာတွေရှိတယ်'' ဟု ဒေသခံ ဦးသိန်းထွန်းက ပြောပြသည်။

''ဒီဒေသမှာ အဓိကက ရေဝေရေလဲ တောင်ဆိုတဲ့နေရာရှိတယ်။ အဲဒီရေဝေရေလဲ တောင်ရဲ့ အရှေ့ဘက်အခြမ်း ချောင်းတွေက ဧရာဝတီထဲဝင်ပြီး နောက်ဘက်အခြမ်းက ချင်းတွင်းထဲကို ၀င်တယ်။ အဲဒီတော့ အရှေ့ဘက်ခြမ်းမှာဆိုရင် ကြေးနဲ့ သံရိုင်းကိစ္စရှိတယ်။ ကြေးတောင်နဲ့ သံတောင်တွေရှိတယ်။ ဒီအနောက်ဘက်မှာကျတော့ တိုက်တေနီယမ်း သတ္တုတွေ၊ သစ်တောတွေ တောင်တွေရှိတယ်။ ဆိုတော့ ဒီနေရာတွေမှာ သတ္တုတူးဖော်ရေး တွေ လုပ်မယ်ဆိုရင် ဒီတောတွေတောင်တွေ အားလုံးက ချင်းတွင်းမြစ်ထဲကို စီးဆင်းနေတာ။ ဧရာဝတီမြစ်ထဲကို စီးဝင်နေတာတွေ ချည်းပဲ။ ဒီမြစ်ဖျားတိုင်းချောင်းတွေက၊ နောက်တစ်ခု ပိုဆိုးတာက မူးမြစ်အထက်ပိုင်းမှာရှိတဲ့ ရွှေချောင်းဆိုတာရှိတယ်။ မူးမြစ်အစ ရွှေချောင်းက ဆိုတာလေ။ ဒီရွှေချောင်းဒေသမှာလည်း သစ်ထုတ်လုပ်မှုက အရမ်းများတယ်။ ရွှေနဲ့သတ္တုထုတ်လုပ်မှုတွေများတယ်။ အဲဒီ ရွှေချောင်းဘက်မှာတော့ ကနန်းရွာအုပ်စု ခုနစ်စုရှိတယ်။ အဲဒီနေရာကို ဇီးဖြူတောင် လို့လည်းခေါ်တယ်။ တောင်သုံးလုံး ဧရိယာလို့လည်း ခေါ်တယ်။ ၀န်းသိုနဲ့ ကပ်လျက်ပဲ။ အဲဒီတစ်ကြောမှာလည်း အခုသဖန်းဆိပ်ကြီး စပြီးတော့ နုန်းတွေများလာပြီ။ အခု သဖန်းဆိပ်ကြီးကို မှီခိုရတဲ့ ၀က်လက်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး အဲဒီဘက်တွေမှာဆိုရင်လည်း မူးရေနဲ့ အဓိက ဆည်ရေသောက်တွေ လုပ်ထားတဲ့နေရာတွေဖြစ်တယ်။ အခုရေ မလုံလောက်တာတွေ ဖြစ်လာပြီ။ ဘာကြောင့်လဲဆိုတော့ သစ်ထုတ် လုပ်မှုရယ်၊ ရွှေတူးဖော်မှုရယ်၊ သတ္တုတူးဖော် မှုတွေကြောင့်ပါ။ အခု တောင်ပေါ်မှာတင် ချိုင့်ကြီးတွေဖြစ်နေတယ်။ ရေကန်ကြီးတွေ၊ ချောင်ကြီးတွေလို ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေထုတ်ပြီးသွားပြီဆို ဒီအတိုင်း ပစ်ထားခဲ့တဲ့ အတွက်ပါ'' ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက ဆိုသည်။

ယင်းဒေသအား မြစ်ဖျားဒေသဟု ခေါ်ဆိုရခြင်းမှာ အဓိကအားဖြင့် ဧရာဝတီ၊ ချင်းတွင်းနှင့် မူးမြစ်တို့ ပေါင်းဆုံသော ဒေသဖြစ်ပြီး ယင်းဒေသရှိ ချောင်းများမှာ တောင်ပေါ်မှာ အခြေတည်၍ စီးဆင်းလာခြင်း ဖြစ်ကြောင်း၊ အကယ်၍ ထိုတောင်တန်းများတွင် သတ္တုသိုက်ကြီးများမှ သတ္တုတူးမည် ဆိုပါက ဆာလ်ဖြူရစ် အက်စစ်အား အသုံးပြုမည်မှာ သေချာနေကြောင်း၊ ထိုဒေသတွင် အက်စစ်ရောင်းဝယ်မှုများကို ဆိုင်းဘုတ်တင်၍ ရောင်းချနေ မှုများရှိကြောင်း သိရသည်။

''ဆိုလိုတာက ဒီအက်စစ်တွေကို ဒီလောက်သုံးနေရင် ဒီချောင်းတွေက ပြီးတော့ မြစ်တွေထဲကို စီးဝင်မယ်။ နောင် ၁၀ နှစ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ဒါကြောင့် ဒီနေရာကို National Reserve (အမျိုးသား သတ္တု အရံသိုက်) ထားဖို့ဆိုပြီး အကြုံပြုထားတယ်။ နောက်ဆုံးမဖြစ်မနေပေါ့။ တိုင်းပြည်က ငတ်ပြီဆိုရင်တော့ ထုတ်သုံးပေါ့။ ဒါက အသက်သွေးကြော ဖြစ်နေတယ်။ ဒါကြီးကိုသွားထိရင် ကျွန်တော်တို့အားလုံး သေကြမှာ။ ဒါကို ဒေါက်တာ မြင့်နိုင်ကလည်း လာမယ့် ဇန်န၀ါရီလလောက်မှာ လွှတ်တော်မှာ တင်သွားမှာပါ။ အခုက ကြိုးဝိုင်းပြင်ပ ကာကွယ်တောကို လိုက်စစ်ရင်း စစ်ရင်းနဲ့ ကဒူးကနန်းဒေသကို ရောက်တော့ အဲဒါတွေ သတ္တုကုမ္ပဏီကြီးတွေကို သွားတွေ့တာပါ။ နောက်တစ်ခုက ရွှေတူးတဲ့ နေရာမှာ မြေတူးစက်တွေ သုံးခွင့်မပြုဘူးလို့ ပြောထားတယ်။ ဒါပေမဲ့ လက်တွေ့မှာ သုံးနေကြတယ်။ အစိုးရက အသုံးပြုခွင့်ပေးထားတာ လမ်းလုပ်ဖို့ပဲ။ ဒါပေမဲ့ သူတို့က လမ်းလုပ်ဖို့အတွက် လျှောက်တယ်။ ရွှေတူးတယ်။ ဒေသခံတွေကျတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း သူတို့မသိဘူး။ ဘေးထွက်ဆိုးကျိုးကိုလည်း နားမလည်ဘူး။ ချောင်းတွေရေနောက် သွားတာတော့ သူတို့စိတ်ညစ်တယ်။ သူတို့က ဒီချောင်းရေတွေကိုပဲ သုံးရတာ။ နောက်တစ်ခုက ဒီချောင်းရေတွေမှာ ဘာတွေပါလဲ ဆိုတာလည်း သူတို့ကမသိဘူး။ ပိုပြီး သတိထားရမှာက ဒီမှာက ရေဝေရေလဲ တောင်ကနေ ခွဲထုတ်လိုက်တဲ့ ချင်းတွင်း၊ ဧရာဝတီနဲ့ မူးမြစ်ဝှမ်း ဒေသတွေ အားလုံးကတော့ တစ်ချိန်မှာ စွန့်ပစ်ရေတွေက ဒီချောင်းတွေထဲပဲ စီးဝင်မှာ၊ ဆာလ်ဖြူရစ်၊ နိုက်ထရစ်အက်စစ်နဲ့ ငရဲမီးတွေကို ရွှေတူးတဲ့ နေရာတွေမှာ သုံးလာတာတွေ များတယ်။ ဘေးထွက်တွေကို ဘယ်မှာသွန်မလဲ။ ဘယ်မှာ စနစ်တကျစွန့်ပစ်မလဲ ဆိုတာတွေ ရှိတယ်။ လက်ရှိရွှေလုပ်ငန်းကလည်း ဘက် ဖိုးတွေသုံးလာပြီဆိုတော့ အရမ်းကြီးကျယ် လာပြီ။ နောက်တစ်ခု သတ္တုတွေ ထပ်လုပ်မယ် ဆိုရင် အက်စစ်သုံးတဲ့ ပမာဏက တဖြည်း ဖြည်း များလာမယ်'' ဟု ၎င်းက ဆိုသည်။

''ကျွန်တော်လည်း သတင်းကြားပါတယ်။ ဒါပေမဲ့ အချက်အလက်တွေ၊ ဒေတာတွေ စုနေတုန်းပါပဲ။ ကျွန်တော့် လက်ထဲမှာ ဒါတွေရောက်ရင် လွှတ်တော်ထဲမှာ တင်ပြသွားမှာပါ'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောပြသည်။

''အချိတ်အဆက်တွေတော့ ဆရာသေချာ မသိဘူး။ အဲဒီမှာ ဟိုတုန်းကတည်းက ရုရှားအဖွဲ့တွေကလာပြီး Rare Earth တွေရှိသလိုလို၊ ယူရေနီယမ်တွေပဲ ရှိသလိုလို၊ ဒါတွေလိုက်ရှာ နေတာပေါ့။ ထူးကုမ္ပဏီကတော့ အဲဒီမြောက်ပိုင်း တစ်ကြောပဲ။ ဘယ်နားလဲတော့မသိဘူး။ သံကြောတို့၊ ကြေးတို့နဲ့ ပတ်သက်ပြီး လုပ်ကွက် ရထားတာရှိတယ်လို့ ကြားတယ်။ ထုတ်လား မထုတ်လားတော့ မသိဘူး။ အခု အခြားကုမ္ပဏီတွေလည်း ရွှေတူးနေတဲ့ အနေအထားကတော့ ဒီအက်စစ်တွေကို အသုံးပြုရင်တော့ ဒီမြစ်ကြောင်းတစ်လျှောက် လူတွေအတွက် အရမ်းအန္တရာယ် ရှိပါတယ်။ မာကျူရီလည်း သုံးကြမှာပဲ'' ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...