Saturday, December 14, 2013

အာဆီယံလူထု ညီလာခံတွင် ဆွေးနွေးသည့် အကြောင်းအရာများကို အာဆီယံထိပ်သီး ခေါင်းဆောင်များအား တင်ပြကာ နောက်ဆက်တွဲ အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်ပေးမည်

  Saturday, 14 December 2013


ပြီးခဲ့သည့် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော ထိပ်သီးဆွေးနွေးပွဲ၌ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ လူထုညီလာခံတွင် ဆွေးနွေးသည့် အကြောင်းအရာများကို အာဆီယံထိပ်သီး ခေါင်းဆောင်များသို့ တင်ပြပေးမည်ဖြစ်ကာ နောက်ဆက်တွဲ အကောင်အထည် ဖော်နိုင်ရန်အတွက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ပြောကြားသည်။

အာဆီယံလူထု ညီလာခံတွင် အာဆီယံ ဒေသနိုင်ငံ အသီးသီးမှ အရပ်ဘက် အဖွဲ့အစည်းများမှ ဦးဆောင် ဆွေးနွေးမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် မတ်လအတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

''အရပ်ဘက် အဖွဲ့အစည်းတွေက ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံ ခေါင်းဆောင်တွေကို တင်ပြနိုင်ဖို့အတွက် စီစဉ်ပေးမယ်။ ပြီးရင် နောက်ဆက်တွဲ ဘယ်လိုအကောင်အထည် ဖော်မလဲ ဆိုတာပေါ့။ အရင်တုန်းကတော့ တင်ပြတာပဲရှိတယ်။ နောက်ဆက်တွဲ အကောင်အထည်ဖော်တာ မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကူညီဆောင်ရွက် ပေးသွားမှာပါ'' ဟု ဦးအောင်ထူးက ဆက်လက် ပြောကြားသည်။

အာဆီယံလူထု ညီလာခံတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ ကိစ္စရပ်များ စသည့် ခေါင်းစဉ်လေးခုအောက်တွင် ဆွေးနွေးရန်အတွက် အာဆီယံနိုင်ငံများနှင့် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

အာဆီယံလူထု ညီလာခံ မကျင်းပမီ မြန်မာနိုင်ငံရှိ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အတွေ့အကြုံ ရရှိစေရန် မြန်မာလူထု ညီလာခံကို ယခုလ ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပသွားရန်ရှိသည်။

အဆိုပါ ညီလာခံသို့ တက်ရောက်ရန် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီး နောက် ၁၇ နှစ် အကြာတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၀ ရက်တွင် ဘရူနိုင်းထံမှ လွှဲပြောင်းရယူခဲ့ကာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစကာ အာဆီယံဥက္ကဋ္ဌအဖြစ် စတင်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။

အာဆီယံလူထု ညီလာခံကို ၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...