Saturday, December 14, 2013

မြန်မာ-ထိုင်း အမျိုးသား ဘောလုံးပွဲစဉ်အတွက် တန်းစီဝယ်ယူသူ အများစု လက်မှတ်မရဘဲ ပြင်ပမှောင်ခို ဈေးကွက်တွင် ရိုးရိုးတန်း ကျပ် ၁၅၀၀၀၊ အထူးတန်း ကျပ် ၃၀၀၀၀ ခန့်အထိ ပေးဝယ်နေရ


 Saturday, 14 December 2013


ဒီဇင်ဘာ ၁၃ ရက်က ဘောလုံးပွဲ လက်မှတ်ဝယ်ယူရန် သုဝဏ္ဏကွင်းတွင် စောင့်ဆိုင်းနေကြသူများ (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)

ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ-ထိုင်း အမျိုးသား ဘောလုံးပွဲ အုပ်စုပွဲစဉ်အတွက် လက်မှတ်လာရောက် ၀ယ်ယူသူ အလွန်များပြားခဲ့ပြီး လက်မှတ်မရရှိခဲ့ သူများမှာ ပြင်ပမှောင်ခို ဈေးကွက်တွင် အထူးတန်း လက်မှတ်တစ်စောင်လျှင် ကျပ် ၃၀၀၀၀ အထိ ဈေးကြီးပေးဝယ် ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနှင့် ထိုင်းပွဲစဉ် ပါဝင်သည့် ဘောလုံးပွဲ လက်မှတ်များကို ဒီဇင်ဘာ ၁၃ ရက် က စတင်ရောင်းချခဲ့ရာ၌ လက်မှတ်ရရှိရန် ပရိသတ် အများအပြားမှာ နံနက် ၂ နာရီခန့် ကတည်းက စတင်တန်းစီ စောင့်ဆိုင်း ၀ယ်ယူခဲ့သော်လည်း အများစုမှာ လက်မှတ်မရရှိ ကြကြောင်း သိရသည်။

သာကေတမြို့နယ်မှ လာရောက်ဝယ်ယူသူ ပရိသတ် တစ်ဦးဖြစ်သည့် မ၀တ်ရည်က ''မနက် ၄ နာရီခွဲ ကတည်းက လာတန်းစီတာ ခုလက်မှတ်က ကုန်သွားပြီဆိုတော့ ဘယ်လို လုပ်ရမှန်းတောင် မသိဘူး။ ကျွန်မက မနက် ၂ နာရီမှာ နေပြည်တော်က ရောက်တယ်။ သုဝဏ္ဏကွင်းကို ရောက်တော့ မနက် ၄ နာရီထိုး။ ဒီလောက် အကြာကြီး စောင့်ရတာတောင် လက်မှတ်မရဘူးဆိုတော့ တကယ်လို့ မြန်မာအသင်း ဆီမီးတက်လို့ နေပြည်တော် လိုက်အားပေးရင်တောင် ဘယ်လိုလုပ်ရမလဲ။ တီမောနဲ့ ပွဲတုန်းကဆို ပွဲစခါနီး အထူးတန်း လက်မှတ်တစ်စောင်ကို ၁၅၀၀၀ နဲ့ ပေးခဲ့ရတယ်'' ဟု ဒီဇင်ဘာ ၁၃ ရက်က ဆိုသည်။

တာမွေမြို့နယ်တွင် နေထိုင်သူ ကိုမျိုးမင်းက ''မနက် ၂ နာရီ ကတည်းက လာတန်းစီတာ ကံကောင်းလို့ လက်မှတ်ရခဲ့တယ်။ ရိုးရိုးတန်းပဲ ၀ယ်ဖြစ်တယ်။ သူငယ်ချင်း တွေကတော့ လက်မှတ်မရလိုက်တဲ့ သူတွေရှိတယ်။ လက်မှတ်ရောင်းတာ တစ်ပေါက်တည်းဆိုတော့ ၀ယ်ရတာ အဆင်မပြေဘူး။ အကုန်စုပြုံ တိုးတာရယ်၊ ကျော်တက်တာတွေ ရယ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်'' ဟု ပြောကြားသည်။

ရိုးရိုးတန်းလက်မှတ် ရောင်းချရေး တာဝန်ခံ တစ်ဦးက ''ကျွန်တော်တို့ ဒီနေ့မှာ လက်မှတ်စောင်ရေ ၁၅၀၀၀ ကို ရောင်းချပေးပါတယ်။ အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းနဲ့ စလင်းကွင်းတွေမှာ ခွဲရောင်းပါတယ်။ လာဝယ်တဲ့ ပရိသတ် များတဲ့အတွက် ခုလက်မှတ် ၅၀၀ ပဲ ကျန်ပါတော့တယ်။ မနက်ဖြန် ကျရင် လက်မှတ်စောင်ရေ ၅၀၀၀ ရောင်းချ ပေးသွားပါမယ်'' ဟု ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်က ပြောကြားသည်။



ဒီဇင်ဘာ ၁၃ ရက်က ဘောလုံးပွဲ လက်မှတ်ဝယ်ယူရန် သုဝဏ္ဏကွင်းတွင် စောင့်ဆိုင်းနေကြသူများအား တွေ့ရစဉ်

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဘောလုံးပွဲစဉ်ကို ပရိသတ်အများစု စိတ်ဝင်စားနေကြပြီး လက်မှတ်များကို လာရောက် တန်းစီဝယ်ယူရာတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ ပရိသတ်များသာမက ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးတို့မှ ပရိသတ်များကလည်း လာရောက်တန်းစီ ၀ယ်ယူခဲ့ကြသည်။

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့မှ လာရောက် တန်းစီဝယ်ယူသူ တစ်ဦးက ''ကျွန်တော်တို့က ဘိုကလေးကတောင် လာတန်းစီဝယ်တာ။ ဒီနေ့ လက်မှတ်မရဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး'' ဟု ဒီဇင်ဘာ ၁၃ ရက်က ပြောကြားသည်။

လက်ရှိတွင် ဘောလုံးပွဲ ကျင်းပမည့် သုဝဏ္ဏ ဘောလုံးကွင်း အနီးဝန်းကျင်တွင် မြန်မာ-ထိုင်း အမျိုးသား ဘောလုံးပွဲ အထူးတန်း လက်မှတ်တစ်စောင် ကျပ် ၂၀၀၀၀ ဖြင့် မှောင်ခို ရောင်းချနေကြောင်း သိရသည်။

တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် မှောင်ခိုလက်မှတ် ၀ယ်ယူခဲ့ရသူ တစ်ဦးက ''ကျွန်တော် လာတန်းစီတာ မရလို့ မှောင်ခိုလက်မှတ် ၀ယ်ခဲ့ရတယ်။ မနက်ဖြန် စောင်ရေ ၅၀၀၀ ရောင်းပေးမယ် ဆိုပေမယ့် ရဖို့ မသေချာလို့ ခုလို ၀ယ်လိုက်ရတာပါ။ အထူးတန်း လက်မှတ်သုံးစောင်အတွက် ၆၀၀၀၀ ပေးဝယ်ခဲ့ရတယ်'' ဟု ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီက ဆိုသည်။

ယင်းကဲ့သို့ မှောင်ခိုရောင်းချ နေသူများအား လက်ရှိအချိန်အထိ အရေးမယူသေးဘဲ ရှိနေခြင်းအပေါ် လက်မှတ်ဝယ်ယူသူ တစ်ဦးက ''ကျွန်တော့်အထင်တော့ ဒီမှောင်ခို ရောင်းတဲ့သူတွေ ရှိနေသရွေ့တော့ တကယ်အားပေးချင်တဲ့ ပရိသတ်တွေအနေနဲ့ လက်မှတ် မရတာတို့၊ နောက်ပြီး လက်မှတ်ကိုဈေးကြီး ပေးဝယ်ရတာတွေ ရှိနေတာတော့ မကောင်းဘူးဗျာ'' ဟု ပြောကြားသည်။

အဆိုပါ ဘောလုံးပွဲစဉ် လက်မှတ်အစောင်ရေ ၁၅၀၀၀ ကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် သုဝဏ္ဏ ဘောလုံးကွင်း၊ ပဒုမ္မာ ဘောလုံးကွင်း၊ စလင်းကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ရိုးရိုးတန်း ကျပ် ၂၀၀၀၊ အထူး တန်း ကျပ် ၄၀၀၀ ဖြင့် အချိုးကျ ရောင်းချခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...