Saturday, December 14, 2013

နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ဆီးဂိမ်းစ်ပြိုင်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားပေး


Saturday, 14 December 2013


အသင်းလိုက် မြင်းစီးပြိုင်ပွဲတွင် ဆုရကစားသမားများအား ဆုချီးမြှင့်အပြီး တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများ

နေပြည်တော်တွင် ကျင်းပလျက်ရှိသော (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် အားပေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၃ ရက်က ကျင်းပသော အားကစား ပြိုင်ပွဲများကို လိုက်လံကြည့်ရှု အားပေးခဲ့ခြင်းဖြစ်ပြီး မြင်းစီး၊ မြားပစ်၊ ရေကူးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို လာရောက် ကြည့်ရှုအားပေးခဲ့သည်။

''ဆီးဂိမ်းစ်ပြိုင်ပွဲကို ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားသမားတွေကို ပြောလိုတာက ရှုံးနိမ့်ရင်လည်း စိတ်ဓာတ်မကျဖို့နဲ့ အနိုင်ရရင်လည်း ကိုယ့်ကိုယ်ကိုယ် မကျော်ဇောဖို့ လိုပါတယ်။ မြန်မာကစားသမားတွေကို ကိုယ်တိုင်ကိုယ်ကျ အားပေးခွင့် ရတဲ့အတွက် ကျေနပ်မိပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော မြန်မာ့အလှမြင်းသည် ယခုဆီးဂိမ်းစ် ပြိုင်ပွဲတွင် ပါဝင်နေပြီး ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် အသင်းလိုက် အလှစီးပြိုင်ပွဲတွင် ကမ္ဘောဒီးယားမှ ကစားသမား ပူမီနီယာက စီးနင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းပြိုင်ပွဲတွင် ဆုရသူများကိုလည်း ဆုများချီးမြှင့်ခဲ့သည်။ မြင်းစီးပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်သူ ကိုအောင်သူက ''ကျွန်တော် အမေပြောသွားတဲ့ စကားတစ်ခွန်းကြောင့် ၀မ်းနည်းမိပါတယ်။ နိုင်ငံတော် သီချင်းဆိုချင်တယ်လို့ အမေက ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်သီချင်း ဆိုနိုင်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း နိုင်ငံတော်သီချင်းကို အရမ်းဆိုချင်တာပါ'' ဟု ပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...