Saturday, December 14, 2013

သင်္ဃန်းကျွန်းဈေး အနီးရှိ အနော်ရထာလမ်းကို ကုမ္ပဏီမှပိတ်၍ အဆောက်အအုံများ ဆောက်လုပ်မှုအား တားမြစ်ပေးရန် ဈေးသူဈေးသားများနှင့် ရပ်ကွက်နေ ပြည်သူများ တောင်းဆို


Saturday, 14 December 2013


အနော်ရထာလမ်း ပြန်လည်ရရှိရေး သတင်းစာရှင်းလင်းနေသည့် သင်္ဃန်းကျွန်းဈေး ကိုယ်စားလှယ်များနှင့် ဗိုလ်စံဖေရပ်ကွက် နေသူများအား တွေ့ရစဉ်

သင်္ဃန်းကျွန်းဈေး အနီးရှိ အနော်ရထာလမ်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနနှင့် အောင်ကောင်းကျော် ကုမ္ပဏီမှ ပိတ်ဆို့၍ အဆောက်အအုံများ ဆောက်လုပ်မှုအား တားမြစ်ပေးရန် လိုအပ်နေကြောင်း ဒီဇင်ဘာ ၁၂ ရက်က မြန်မာဂျာနယ်လစ်ကွက်ရက် ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဈေးသူဈေးသားများနှင့် လမ်းတည်ရှိရာ ဦးစံဖေရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးနှင့် ဦးစံဖေလမ်း၊ ဘုရင့်နောင်လမ်းများကို ချိတ်ဆက်ထားသည့် အနော်ရထာလမ်းအား အောင်ကောင်းကျော် ကုမ္ပဏီမှ ၁၂ ပေ၊ ၂၄ ပေရှိ မိလ္လာကန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၁၂ ပေ၊ ပေ ၈၀ ရှိ နှစ်ထပ် အဆောက်အအုံအား တည်ဆောက်နေခြင်းဖြစ်ပြီး အနော်ရထာလမ်း၏ အကျယ်မှာ ပေ ၅၀ နှင့် အရှည် ပေ ၂၀၀ ရှိကြောင်း သိရသည်။

''အောင်ကောင်းကျော် ကုမ္ပဏီက မိလ္လာကန်ကို လမ်းကန့်လန့်ဖြတ် တည်ဆောက်တယ်။ ဈေးကြီးတစ်ဈေးလုံး တည်ဆောက်ပြီးမှ မိလ္လာကန် ထပ်တည်ဆောက်တယ် ဆိုတာ မဖြစ်သင့်ပေမဲ့ ပြန်ပြီးလမ်းအတိုင်း ဖြစ်အောင် ပြင်ပေးမယ်ဆိုလို့ မပြောခဲ့ပါဘူး။ အခုကျတော့ စည်ပင်ဈေးများဌာနက ခရိုင်ရုံးဆိုပြီး လမ်းပေါ်မှာနှစ်ထပ် အဆောက်အအုံ ဆောက်နေတယ်။ ဖြစ်သင့်တာက ဒီလမ်းပေါ်မှာ အရင်တုန်းက ကျူးကျော်ဈေးသည်တွေ ရှိခဲ့တယ်။ သူတို့ကို ကျူးကျော်ကနေ ဆိုင်ခန်းပေးလိုက်တယ်။ အခု ကျွန်တော်တို့ဈေးမှာ လိုအပ်နေတာက ကားပါကင်နဲ့ ကားပတ်လမ်းပါ။ ဒီနေရာကို ပိတ်ထားပြီး ရပ်ရွာနေ ပြည်သူအကျိုးအတွက် အသုံးချစေ ချင်ပါတယ်'' ဟု သင်္ဃန်းကျွန်း ဈေးသစ်ကြီးမှ ဈေးသူဈေးသားများ၏ ကိုယ်စားလှယ်ဖြစ်သူ ဦးသိန်းလွင်က ဆိုသည်။

အဆိုပါ အနော်ရထာလမ်းမှာ သင်္ဃန်းကျွန်းဈေးကြီး မီးလောင်စဉ် အချိန်က မီးတားလမ်းအဖြစ် ထိရောက်သော အကာအကွယ် ပေးနိုင်ခဲ့သည့်အတွက် ဈေးမှရပ်ကွက်များသို့ ကူးစက်လောင်ကျွမ်းမှု မရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါလမ်းမှာ အရေးပေါ် မီးတားနယ်မြေ ဖြစ်သည့်အတွက် မီးသတ်ကန်၊ မီးသတ်ရေငုတ်၊ ကားပတ်လမ်း၊ ကားပါကင် အဖြစ်သာ အသုံးပြုခွင့်ရှိကြောင်း ဈေးများဌာနနှင့် အောင်ကောင်းကျော် ကုမ္ပဏီ တာဝန်ရှိသူများက ဈေးသူဈေးသားများနှင့် တွေ့ဆုံကတိပေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုသို့ဆောက်လုပ်မှုများ ရှိနေခြင်းဖြစ်ကြောင်း ဦးသိန်းလွင်က ဆက်လက် ပြောပြသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စည်ပင်နှင့် အောင်ကောင်းကျော် ကုမ္ပဏီတို့၏ အဆောက်အအုံ တည်ဆောက်မှုများကို တားမြစ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် တာဝန်ရှိသူများထံ လျောက်ထားစာ ပေးပို့ထားပြီး ဒီဇင်ဘာ လကုန်ပိုင်းအထိ တားမြစ်ပေးမှု မရှိပါက ရပ်ကွက်နေပြည်သူများနှင့် ဈေးသူဈေးသားများ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ရပ်မိရပ်ဖ ဦးတိုးမြင့်က ဆိုသည်။

''ဒီလမ်းက ၁၉၉၂ ခုနှစ်ကနေ ဈေးအဖြစ် ပြောင်းခဲ့တယ်။ ကားပါကင်လည်း ဖြစ်ပါတယ်။ အခုလုပ်တာကလည်း ဈေးများဌာနက ကားပတ်လမ်းအတွက် ၁၇ ပေ ချန်ပြီး အဆောက်အအုံတွေ ဆောက်တာ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့က ဆောက်ဆိုလို့ ဆောက်ပေးရတာပါ။ တကယ်တာဝန်ရှိတာက ဈေးများဌာနပါ။ ဌာနအနေနဲ့လည်း ဈေးကောင်းကျိုးအတွက် လုပ်တယ်ဆိုတာကို ဈေးသူဈေးသားတွေ နားလည်သဘော ပေါက်အောင် ရှင်းပြသင့်ပါတယ်'' ဟု အောင်ကောင်းကျော် ကုမ္ပဏီမှ ဒါရိုက်တာ ဦးမင်းလွင်ထူးက ပြောကြားသည်။

အထက်ပါ ပြောဆိုချက်များအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ ဌာနစုမှူး ဒေါ်သန်းသန်းဌေးက နေပြည်တော်သို့ တာဝန်ဖြင့် ရောက်ရှိနေပါသဖြင့် အသေးစိတ် အချက်အလက်များအား ပြောကြားနိုင်မှု မရှိကြောင်း ပြောဆိုခဲ့ပြီး သင်္ဃန်းကျွန်းဈေး တာဝန်ခံဖြစ်သူ ဒေါ်သင်းသင်းညွန့်က ဝေဖန်လိုမှု မရှိဟု ပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...