Saturday, December 14, 2013

အာရှပတ် လမ်းမကြီး ပြီးစီးပါက စီးပွားရေးအရ အရေးပါလာမည့် မြ၀တီစက်မှုဇုန် အကောင်အထည် ဖော်နေမှု အခြေခံ အဆောက်အအုံ တည်ဆောက်မှုပိုင်းတွင် ရာခိုင်နှုန်း ၄၀ ကျော် ပြီးစီး

 Saturday, 14 December 2013


လက်ရှိအကောင်အထည် ဖော်နေသော မြ၀တီစက်မှုဇုန်၏ သံကူကွန်ကရစ်လမ်း ခင်းနေမှုအား တွေ့မြင်ရစဉ်

အာရှပတ်လမ်းမကြီး ပြီးစီးပါက စီးပွားရေးအရ အရေးပါလာမည့် မြ၀တီစက်မှုဇုန် အကောင်အထည် ဖော်နေမှု၌ အခြေခံ အဆောက်အအုံပိုင်းတွင် ရာခိုင်နှုန်း ၄၀ ကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း မြ၀တီစက်မှုဇုန် အကောင်အထည်ဖော်ရေး ကော်မတီမှ ရရှိသော သတင်းများအရ သိရသည်။

''မြ၀တီစက်မှုဇုန်ကို ၂၀၁၅ ခုနှစ် မတ်လလောက်ကို ရည်မှန်းချက်ထားပြီး အပြီးတည်ဆောက် နေပါတယ်။ အကွက်တွေ ဖော်ပြီးသွားရင် ရောင်းချပေးသွားမှာပါ။ ဒီလိုရောင်းချတဲ့ နေရာမှာလည်း အကယ်၍ စက်မှုဇုန် အကောင်အထည်ဖော်မယ့် သူမျိုးကိုပဲ ရောင်းမှာပါ။ ဒီမှာ ဈေးကစားဖို့ ၀ယ်ယူတာမျိုး ခွင့်ပြုမှာ မဟုတ်ပါဘူး'' ဟု ဇုန်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီမြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသိန်းဝန်းကျင်ရှိသော ထိုင်းနိုင်ငံရှိ မဲဆောက်မြို့၏ တစ်ဖက်ကမ်းတွင်ရှိပြီး ယခုကဲ့သို့ စက်မှုဇုန် တည်ဆောက် အကောင်အထည် ဖော်နေခြင်းမှာ ၂၀၁၅ အလွန်ကာလ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်အကိုင်ပေးရန် ရည်ရွယ်ကြောင်း၊ လက်ရှိ အချိန်တွင်လည်း အဆိုပါ စက်မှုဇုန်၌ ပြည်တွင်းမှ အလုပ်သမားများ လာရောက် အလုပ်လုပ်ကိုင် နေကြကြောင်း သိရသည်။

''ကျွန်တော်တို့ ဒီမြ၀တီစက်မှုဇုန် အကောင်အထည်ဖော်ဖို့ စတာကတော့ ၂၀၁၃ မတ်လမှာစတယ်။ အခုအချိန်မှာတော့ လမ်းသားဖော်တာတွေ၊ ကျောက်ကြီးလမ်း ခင်းတာတွေက ရာခိုင်နှုန်း ၅၀ လောက် ပြီးနေပါပြီ။ ရေမြောင်းတွေ အဓိက side drain တွေက ရာခိုင်နှုန်း ၄၀ လောက် ပြီးနေပါပြီ။ ၂၀၁၅ မတ်လကုန်မှာ စီမံကိန်းက အပြီးသတ်မှာပါ။ အဓိကလမ်းက နှစ်လမ်းရှိတယ်။ စက်မှုဇုန် အကျယ်အ၀န်းက စုစုပေါင်းဧက ၂၀၀ ရှိပါတယ်။ Phase 1 ရော၊ Phase 2 ရောပေါ့လေ။ အခုဖော်နေတဲ့ Phase 1 ကတော့ ၁၃၉ ဒသမ ၈ ဧက ရှိပါတယ်။ Phase 2 ကကျတော့ ကုန်သွယ်ရေးဇုန် နောက်ဖက်ကို ရောက်ပါတယ်။ Phase 1 ကို ၂၀၁၅ မတ်လမှာ အပြီးလုပ်ဖို့ လျာထားပါတယ်။ ဒီမှာ ဘာစက်ရုံတွေလာမယ် ဆိုတာတော့ မသိသေးဘူးပေါ့။ အဲဒီအတွက်က ပတ်ဝန်းကျင် သန့်ရှင်းရေးရော စွန့်ပစ်ပစ္စည်းတွေ အပါအ၀င် ရေဆိုးရေညစ်တွေ စီးဆင်းမှုအတွက် အဓိကမြောင်းကတော့ ရှစ်ပေလောက် ကျယ်ပါတယ်။ သင်္ကန်းညီနောင် ချောင်းထဲကိုပဲ စွန့်ပစ်သွားမှာပါ။ ဒီလိုစွန့်ပစ်တယ် ဆိုပေမယ့် ရေဆိုးရေညစ်တွေကို ပြန်လည် သန့်စင်ပြီးမှ စွန့်ပစ်မှာပါ။ ဒီစက်မှုဇုန်ကို တည်ဆောက်တဲ့ နေရာမှာ မိုးတွင်းတုန်းကတော့ မိုးများတဲ့ အရပ်ဒေသ ဖြစ်တဲ့အတွက် လုပ်ငန်းသိပ် မတွင်ကျယ်ပေမယ့် အခုအချိန်မှာတော့ အားသွန်ခွန်ဆိုက် လုပ်ဆောင်နေပါတယ်'' ဟု စီမံကိန်း အင်ဂျင်နီယာဖြစ်သူ ဦးသန့်ဇော်ဦးက ဆိုသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...