Saturday, December 14, 2013

နိုဝင်ဘာလအတွင်း နယ်စပ်မြ၀တီမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၂၅၂ သန်း ကုန်သွယ်နိုင်ခဲ့ပြီး သွင်းကုန်မှာ ပြည်ပပို့ကုန်ထက် ခြောက်ဆကျော်များပြား

Saturday, 14 December 2013


မြန်မာ-ထိုင်းနယ်စပ် မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ပြည်တွင်းသို့ တင်ပို့လာသော ကုန်ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း)

မြ၀တီ-နယ်စပ်မှ တရားဝင် ကုန်စည်တင်သွင်းမှု မြင့်တက်လာပြီး နိုဝင်ဘာအတွင်း အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၂၅၂ သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင် သွင်းကုန်ထက် ခြောက်ဆကျော် လျော့ကျလျက်ရှိကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ သိရသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာအတွင်း ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉၈၀ သန်းရှိပြီး တစ်ဖက် ထိုင်းနိုင်ငံသို့ တင်ပို့မှုတွင် ၃ ဒသမ ၂၇၂ ဒေါ်လာ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပြည်တွင်းသို့ ကုန်သွယ်မှု မြင့်တက်ခဲ့သော်လည်း ပြည်ပပို့ကုန်တွင် ယခင်လကထက် လျော့ကျခဲ့ကြောင်း၊ လယ်ယာထွက်ကုန် ပစ္စည်းများအနက် ဆန်နှင့်ဆန်ကွဲမှာ တင်ပို့မှု လုံးဝမရှိခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှ ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ အလှကုန်၊ စားသုံးကုန်များ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်မျိုးစုံနှင့် ဆိုင်ကယ်များ အဓိက တင်သွင်းလျက်ရှိပြီး စက်သုံးဆီမှာ တရားဝင် တင်သွင်းမှု မရှိသလောက် နည်းပါးကြောင်း သိရသည်။

မြ၀တီ ကုန်သွယ်ရေးဇုန် အကောက်ခွန်ဌာန အနေဖြင့် ဇုန်အတွင်း ၀င်ရောက်လာသည့် ကားများကိုသာ အခွန်ဆောင်နိုင်စေပြီး ယာဉ်တန်း အတက်နေ့တွင် ကုန်ကားကြီး ၁၅၀ မှ ၂၀၀ စီးခန့်၊ ကားလေး ၂၀၀ ခန့်နှင့် မှန်လုံ အစီး ၄၀ ၀န်းကျင် အခွန်ဆောင် သွားလာလျက် ရှိသည်ဟု သိရသည်။ မြ၀တီနယ်စပ်မှ ထိုင်းနိုင်ငံသို့ သစ်တောထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက် ပစ္စည်းများ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ တရားဝင် တင်ပို့မှုမှာ မရှိသလောက် လျော့နည်းနေဆဲ ဖြစ်ကြောင်း သိရသည်။

မြ၀တီ ဒေါနတောင်ကျော် ကုန်သွယ်လမ်းကြောင်းတွင် နေ့စဉ်မော်တော်ယာဉ် ကြီးငယ် ၈၀၀ ကျော်ခန့် သွားလာလျက် ရှိသော်လည်း သွင်းကုန်နှင့် ပို့ကုန်တင်ပို့မှုတွင် ဇုန်ရှောင်ကွင်း လမ်းများမှ သွားလာမှု တွင်ကျယ်နေဆဲ ဖြစ်သည်ဟု မြ၀တီ ဒေသခံများက ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...