Thursday, December 26, 2013

ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော သီရိမင်္ဂလာ ဈေးသစ်ကြီးနံဘေးရှိ ရွှေပိတောက် ငါးဈေးသစ်ကြီး ၂၀၁၄ နှစ်ဆန်းပိုင်းမှ ဖွင့်နိုင်မည်

Thursday, 26 December 2013


ရွှေပိတောက် ငါးဈေးသစ်ကြီးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာ ဈေးသစ်ကြီး နံဘေးကပ်လျက်တွင် တည်ဆောက်ထားသော ရွှေပိတောက် ငါးဈေးသစ်ကြီးအား ဒီဇင်ဘာလကုန်တွင်ဖွင့်ရန် မှန်းထားခဲ့သော်လည်း ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။

အဆိုပါဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တောက်တွန်းကုမ္ပဏီတို့ အကျိုးတူပူပေါင်း ဆောက်လုပ်ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၃၂ ခန်း ပါဝင်သည်ဟု သိရသည်။ ဆိုင်ခန်း ၄၃၂ ခန်းထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွဲတမ်းရရှိသည့် ၂၁၆ ခန်းအား ရောင်းချရန် နိုဝင်ဘာလကုန်တွင် လျှောက်လွှာများ ခေါ်ယူခဲ့ရာ လက်ရှိအထိ ဆိုင်ခန်း ၄၀ နီးပါးသာ ၀ယ်ယူသူရှိသေးသောကြောင့် ဖွင့်လှစ်နိုင်မည့်အချိန် နောက်ဆုတ်လိုက်ရကာ ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ဖွင့်လှစ်နိုင်မည်ဟု သိရပြီး တောက်တွန်းကုမ္ပဏီမှ ခွဲတမ်းရရှိသော ဆိုင်ခန်းများကို အဆိုပါ ကုမ္ပဏီ အစီအစဉ်ဖြင့် ရောင်းချနေသည်ဟု သိရသည်။

ယခင် ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြ ငါးဈေးကြီးမှာ လက်ရှိဆိုင်ခန်းများနှင့် မလုံလောက်ဘဲ ကျပ်တည်းနေပြီး ၁၀ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၉၀၀ အထိ ပေါက်ဈေးရှိနေခြင်းကြောင့် ယခုကဲ့သို့ ငါးဈေးသစ်ကြီးကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး မူလဗဟို စံပြငါးဈေးကြီးကို ရွှေ့ပြောင်းခြင်းမဟုတ်ဘဲ အသစ်တည်ဆောက်သည့် ဈေးဖြစ်ကြောင်း၊ အဓိက ကုန်စိမ်းဈေးကြီးဖြစ်သော သိရိမင်္ဂလာဈေးသစ်ကြီး၏ နံဘေးတွင် တည်ဆောက်ထားသည့် ဈေးဖြစ်၍ ဈေးဝယ်ယူသူများအတွက် အဆင်ပြေနိုင်မည့်အပြင် စည်ကားနိုင်မည်ဟုလည်း ခန့်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာမှ ရောင်းချနေသော ဆိုင်ခန်းတန်ဖိုးများ အနေဖြင့် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၅၀ ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဆိုင်ခန်းများကို လက်ငင်းစနစ်၊ ပထမအရစ် ရာခိုင်နှုန်း ၃၀ လက်ငင်းသွင်း၍ ကျန်ငွေများကို အရစ်ကျစနစ်ဖြင့် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ အရစ်ကျ ပေးနိုင်သည့် စနစ်ဖြင့် ရောင်းနေခြင်းဖြစ်ပြီး အရစ်ကျစနစ်ဖြင့် ၀ယ်ပါက ဘဏ်သို့အတိုးနှုန်း ပေးရမည် ဖြစ်သည်။

ငါးဈေးသစ်ကြီးတွင် ရေချို၊ ရေငန်၊ မွေးမြူရေးငါးမျိုးစုံ ရောင်းချနိုင်မည်ဖြစ်ပြီး ရေရှိရေး၊ မီးရရှိရေး၊ လမ်းကောင်းမွန်ရေး စနစ်များကိုလည်း စီစဉ်ပေးထားကြောင်း၊ အမှန်တကယ် ရောင်းချမည့် သူများကိုသာ ဆိုင်ခန်းများ ရောင်းချပေးမည်ဖြစ်ပြီး ဆိုင်ခန်းရရှိပြီး တစ်လအတွင်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချရမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ငါးဈေးသစ်ကြီးကို ၂၀၁၂ ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...