Thursday, December 26, 2013

ပြုပြင်ပြောင်းလဲရေးကောင်စီ ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ် အကြံပြု

Thursday, 26 December



ဒီဇင်ဘာ ၂၅ ရက်တွင် ဘန်ကောက်ရှိ အားကစားရုံ အပြင်ဘက်၌ ရဲတပ်ဖွဲ့နှင့် အစိုးရဆန့်ကျင် ဆန္ဒပြသူများ ပဋိပက္ခ ဖြစ်ပွားနေစဉ် (Photo:AP)

ထိုင်းနိုင်ငံတွင် နိုင်ငံတွင်း အကွဲအပြဲ ဖြစ်ပေါ်စေသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး အဖြေရှာရန်အတွက် အမျိုးသား ပြုပြင်ပြောင်းလဲရေး ကောင်စီတစ်ရပ် ဖွဲ့စည်းထူထောင်ရန် ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်က ဒီဇင်ဘာ ၂၅ ရက်တွင် အဆိုပြုခဲ့သည်။ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ကြိုးစားနေသော ဆန္ဒပြ လှုပ်ရှားမှုများနှင့် ရင်ဆိုင်နေရသောကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့နိုင်ရန် ကြိုးပမ်းနေစဉ် ယင်းကောင်စီ ဖွဲ့စည်းရေးကို အတည်ပြုရန် ဖြစ်နိုင်ခြေ မရှိသေးပေ။ ဒုတိယ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သည့် အတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ယင်းကောင်စီ ဖွဲ့ရေးအကြံကို လက်ခံမည် မဟုတ်ဟု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို အတိုက်အခံ ဒီမိုကရက်တို့က သပိတ်မှောက်မည်ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး ကောင်စီသည် အစိုးရအဖွဲ့ ဖြစ်လာမည် မဟုတ်ကြောင်း ယင်လက်က ပြောကြားခဲ့သည်။ ထို့နောက် ကောင်စီတွင် ပါဝင်မည့် အဖွဲ့ဝင် ၄၉၉ ဦးကို စစ်တပ်မှ အရာရှိများ၊ စီးပွားရေးနှင့် ပညာရေးပိုင်းမှ ခေါင်းဆောင်များနှင့် ဘောဂဗေဒ ပညာရှင်များ ပါဝင်သော လွတ်လပ်သည့် ကော်မရှင်တစ်ရပ်မှ ရွေးချယ်သွားမည်ဟုလည်း ယင်လက်က ပြောကြားခဲ့သည်။ ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ခြစားမှု၊ ငွေကြေး၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲရေးရာတို့ကို ဖြေရှင်းဆောင်ရွက်ခြင်းတို့ ဖြစ်သည်။

ယင်လက်အစိုးရအဖွဲ့သည် အတိုက်အခံများ၏ ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အထူးလုံခြုံရေး ဥပဒေကို နှစ်လကျော် အချိန်ထပ်တိုးခဲ့သည်။ ဒီဇင်ဘာ ၂၅ ရက်တွင်ပင် သက်တမ်းတိုးခဲ့သည့် ပြည်တွင်းလုံခြုံရေး ဥပဒေဟု သိထားသည့် အထူးလုံခြုံရေး ဥပဒေကို ဘန်ကောက်နှင့် အနီးဝန်းကျင်နေရာများတွင် လွန်ခဲ့သည့် တစ်လကတည်းက ပြဋ္ဌာန်းထားခဲ့သည်။ အဆိုပါ ဥပဒေသည် လမ်းကြောင်းများ ပိတ်ဆို့ရန်၊ စုဝေးမှုကို တားဆီးရန်၊ ရှာဖွေမှုများ လုပ်ဆောင်ရန်နှင့် သတ်မှတ်ချိန်အတွင်း ညမထွက်ရအမိန့် ပြဋ္ဌာန်းရန်အတွက် ရဲများကို အာဏာထပ်တိုးပေးခြင်း ဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...