Thursday, December 26, 2013

ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံး ခရစ်စမတ်ပွဲတော်တွင် တောင်ဆူဒန်နှင့် ဆီးရီးယားတို့၌ ငြိမ်းချမ်းစေကြောင်း ဖရန့်စစ် ပုပ်ရဟန်းမင်း ဆုတောင်း

Thursday, 26 December



ခရစ်စမတ် အကြိုညဆုတောင်း အခမ်းအနားကို ဦးဆောင်ခဲ့သော ဖရန့်စစ် ပုပ်ရဟန်းမင်း (အလယ်) (Photo:AFP)

ကမ္ဘာ့ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ၏ ခေါင်းဆောင်ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးအကြိမ် ခရစ်စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်က ဗာတီကန်နန်းတော်တွင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ ၎င်း၏ ပထမဆုံး ခရစ်စမတ် ဆုတောင်းသ၀ဏ်လွှာကို ဂရင်းနစ် စံတော်ချိန် ၁၁း၀၀ နာရီတွင် ဖတ်ကြားခဲ့သည်။

နိုင်ငံရေးနှင့် လက်ရှိဖြစ်ရပ်များကို သုံးသပ်ဖော်ပြလေ့ရှိသည့် ပုပ်ရဟန်းမင်းကြီး၏ ယခုဆုတောင်း သ၀ဏ်လွှာအား ‘မြို့တော်နှင့် ကမ္ဘာသို့’ ဟု အမည်ပေးခဲ့သည်။ ဆုတောင်းလွှာတွင် ဖရန့်စစ် ပုပ်ရဟန်းမင်းက ဆီးရီးယားတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိရေးနှင့် တောင်ဆူဒန်တွင် လူမှုရေး သဟဇာတဖြစ်မှု ဖြစ်ထွန်းရေးတို့ကို တောင်းဆိုခဲ့သည်။

Twitter တွင် ချိတ်ဆက်ထားသူအရေ အတွက် ၁၀ သန်းခန့်ရှိသော ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အား တိုင်းမ်မဂ္ဂဇင်းနှင့် အမေရိကန် ဂေးလ်အခွင့်အရေး မဂ္ဂဇင်း The Advocate တို့က "Person of the Year" အဖြစ် ယခုနှစ်တွင် ရွေးချယ်ခဲ့သည်။

ဗာတီကန်နန်းတော်တွင် ကျင်းပသည့် ခရစ်စမတ် ပွဲတော်တွင် ဆင်းရဲသူများအား စာနာထောက်ထားမှုနှင့် အဆင့်အတန်း မခွဲခြားမှုကို သရုပ်ဖော်သည့် အနေဖြင့် အသက် ၇၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ခရစ်တော် မွေးဖွားသည့် အကြောင်းကို တင်ဆက်ထားသည့် Nativity ပြဇာတ်အတွင်းမှ သိုးကျောင်းသားများ ဘ၀ကို အဓိကထား ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးက “သိုးကျောင်းသားတွေဟာ ခရစ်တော်မွေးဖွားမှုကို ပထမဆုံး မြင်တွေ့ခဲ့ရသူတွေပါ။ သူတို့ကို အခြားလူ့အသိုင်းအ၀ိုင်းက လက်မခံဘဲ ဖယ်ကြဉ်ခံခဲ့ရသူတွေလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကက်သလစ် ဘာသာဝင်များ အနေဖြင့် မိမိတို့၏ နှလုံးသားများကို ဖွင့်လှစ်ထားပြီး ၀ိညာဉ်မည်းများကို ဖယ်ရှားပစ်ကြရန် တိုက်တွန်းပြောကြားထားသည်။

“မိမိတို့ရဲ့ နှလုံးသားတွေကို ပိတ်ထားမယ် ဆိုရင်ဖြစ်ဖြစ် မာန၊ ကောက်ကျစ်စဉ်းလဲမှု၊ အတ္တကြီးမှုတွေနဲ့ လွှမ်းမိုးခံထားရမယ် ဆိုရင်ဖြစ်ဖြစ် မိမိတို့ရဲ့ အတွင်းအဇ္ဈတ္တမှာ အမိုက်တရားတွေပဲ လွှမ်းမိုးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ခရစ်ယာန် ဘာသာဝင်များအပေါ် တိုက်ခိုက်ခံရမှု မြင့်တက်နေခြင်းအပေါ် ပုပ်ရဟန်းမင်းကြီးက မကြာခဏ သတိပေးခဲ့သော်လည်း ဆီးရီးယား ပြည်တွင်းစစ်အတွင်း ခရစ်ယာန် ဘာသာဝင်များ ထွက်ပြေးနေရမှုနှင့် ဗဟိုအာဖရိက သမ္မတတွင်လည်း ခရစ်ယာန် ဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...