Thursday, December 26, 2013

ဘဏ္ဍာငွေမရ၍ ရန်ကုန်မြို့၌ အထပ်မြင့် ယာဉ်ရပ်နားနေရာများအား ယခုဘဏ္ဍာရေးနှစ်တွင် တည်ဆောက်နိုင်မည် မဟုတ်

Thursday, 26 December



လှည်းတန်းဈေးရှေ့လမ်းမတွင် ယာဉ်နှစ်ထပ် ရပ်နားထားသော ယာဉ်အချို့အား တွေ့ရစဉ်

ရန်ကုန်မြို့၌ ယခုဘဏ္ဍာရေးနှစ်အတွင်း အထပ်မြင့် ကားပါကင်များ တည်ဆောက်သွားရန် လျာထားခဲ့သော်လည်း ဘဏ္ဍာငွေ ရရှိမှု အခြေအနေများကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှသာ စတင်တည်ဆောက် သွားနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်အစီးရေ တိုးပွားလာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားလာပြီး ယင်းပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် အထပ်မြင့် ယာဉ်ရပ်နားနေရာများ တည်ဆောက်ရန် လျာထားခဲ့ကြောင်း၊ ပထမဆုံးအဖြစ် ဆိပ်ကမ်းသာလမ်းတွင် အထပ်မြင့်ကား ယာဉ်ရပ်နားနေရာကို ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ နောက်ထပ်ဘဏ္ဍာငွေ တောင်းခံမှုတွင် ငွေကျပ်သန်း ၇၅၀ အား ထည့်သွင်းတောင်းခံ ခဲ့သော်လည်း ပြည်ထောင်စုဘဏ္ဍာရေး ကော်မရှင်မှ အသုံးစရိတ်များ ပြန်လည်လျှော့ချခဲ့ခြင်းကြောင့် အထပ်မြင့် ယာဉ်ရပ်နားနေရာ တည်ဆောက်မည့် အသုံးစရိတ်အား ပြန်လည်လျှော့ချခဲ့ရသည်။

ဆိပ်ကမ်းသာလမ်းတွင် ၁၅ ထပ်အမြင့်ရှိ ယာဉ်အစီးရေ ၁၀၀ ကျော် ရပ်နားနိုင်သော အထပ်မြင့် ယာဉ်ရပ်နားနေရာအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေပေါ်တွင် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ဘဏ္ဍာငွေအား ပြန်လည်လျှော့ချခဲ့ရခြင်းကြောင့် ယင်းသို့အထပ် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်းမှသာ ဘဏ္ဍာငွေ ထည့်သွင်းတောင်းခံ၍ ဆောက်လုပ်နိုင်တော့မည့် အနေအထား ဖြစ်သွားကြောင်း သိရသည်။

“အထပ်မြင့် ကားပါကင်တွေ လိုလာပါပြီ။ ရန်ကုန်မြို့မှာ ကားအစီးရေတွေ တိုးလာတယ်။ လမ်းအနေအထားတွေအရလည်း ထပ်ချဲ့ဖို့ အကန့်အသတ်တွေ ရှိနေတယ်။ ကားရပ်ဖို့ချဲ့တဲ့ လမ်းတွေကလည်း ကားအစီးရေနဲ့ဆိုတော့ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် အထပ့်မြင့်လုပ်မှပဲ အဆင်ပြေနိုင်မယ်။ ဘန်ကောက်မှာဆိုရင်လည်း သုဝဏ္ဏဘူမိ လေဆိပ်နားမှာ အထပ်မြင့် ကားပါကင်တွေ လုပ်ပေးထားတယ်။ ဒီလိုပဲ ဒီမှာလည်း မြို့တွင်းနေရာတွေမှာ ဆောက်လို့ရနိုင်တာတွေ အများကြီး ရှိပါတယ်။ ဥပမာ-ဘူတာကြီးလို နေရာမျိုးအောက်က ဘူတာရုံ၊ အပေါ်မှာ ကားပါကင်လို အလွှာမျိုးတွေ လုပ်လို့ရနိုင်ပါတယ်” ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြာကြားသည်။

သို့သော် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးအနီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးနံဘေး၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီး၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်ကျောင်း လမ်းဆုံအနီးတို့တွင် မြေပြင်နှင့်အလွှာများ ပါဝင်သည့် အထပ်မြင့် ယာဉ်ရပ်နားခစန်းများ တည်ဆောက်သွားရန် မြေနေရာများ ရွေးချယ်ပြီးသွားပြီဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားထားခဲ့ပြီး ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...