Thursday, 26 December

ဖမ်းမိခဲ့သည့်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်တွင် ကျပ် ၂၅၄ သိန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ တရားမ၀င် တင်သွင်းလာသည့် ဆေးဝါး၊ အလှကုန်နှင့် CCTV ကင်မရာများအား ဖမ်းမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ပစ္စည်းများမှာ ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းတန်ဖိုး စုစုပေါင်းဖြစ်ပြီး တည်ဆဲအကောက်ခွန် လုပ်ထုံးလုပ်နည်း ဥပဒေများအရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်အတွက် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှုတားဆီးရေးအဖွဲ့ (Mobile Team)များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနများ ပါဝင်ကာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအပြင် လေဆိပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများကို စစ်ဆေးကာ အကောက်ခွန်မဲ့ ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းနယ်မြေရှိ ကမ်းရိုးတန်းဆိုင်ရာ ဆိပ်ကမ်းနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ တရားမ၀င် ကုန်သွယ်မှုများကို ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစတင်ကာ အရေးယူမှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နယ်စပ်တစ်လျှောက်တွင် တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးလျက်ရှိရာ အရက်၊ ဘီယာ၊ ဖုန်းဟန်းဆက်၊ လျှပ်စစ်ပစ္စည်း၊ ကျောက်စိမ်းနှင့် စိတ်ကြွဆးပြားများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
Mobile Team အဖွဲ့မှ တရားမ၀င် ကုန်သွယ်မှုများအား ဆက်တိုက်ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်မှု တန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
0 comments:
Post a Comment