Thursday, December 26, 2013

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကို ပြည်သူများ ချီတက်ဆန္ဒပြရန် အတိုက်အခံများ တိုက်တွန်း

Thursday, 26 December



ဒီဇင်ဘာ ၂၄ ရက်တွင် ဒါကာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသာ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ (Photo:AFP)

ဇန်န၀ါရီ ၅ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အစီအစဉ် ပျက်ပြားရန်အတွက် မြို့တော်ဒါကာ၌ ဒီဇင်ဘာ ၂၉ ရက်တွင် လူစုလူဝေးဖြင့် ချီတက်ဆန္ဒပြရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာက ပြည်သူများကို ဒီဇင်ဘာ ၂၄ ရက်တွင် တောင်းဆိုခဲ့ရာ ဘင်္ဂလားဒေ့ရှ်တွင် တင်းမာမှု ပိုမိုမြင့်တက်စေခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲ မတိုင်မီကလည်း ၀န်ကြီးချုပ် ရှိတ်ဟာစီနာကို ရာထူးမှနုတ်ထွက်ရန်အတွက် ဖိအားပေးရန် အတိုက်အခံများက အောက်တိုဘာလ နှောင်းပိုင်းတွင် ဆန္ဒပြမှု စတင်ခဲ့ပြီးနောက် ယင်းဆန္ဒပြမှုများမှတစ်ဆင့် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“သင်ဘယ်မှာပဲ ရှိနေရှိနေ။ နိုင်ငံတော်အလံကိုင်ပြီး ဒါကာကို ချီတက်ခဲ့ပါ။ ဒီချီတက်မှုကို ဒီမိုကရေစီအတွက် ချီတက်မှုလို့ ကျွန်မတို့ ကင်ပွန်းတပ်ပါတယ်” ဟု ၀န်ကြီးချုပ်အဖြစ် နှစ်ကြိမ်ထမ်းဆောင်ခဲ့သည့် ဇီယာက ဒါကာတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ရွေးကောက်ပွဲကို နှောင့်ယှက်ရန်အတွက် ကျေးရွာတိုင်းတွင် “ဆန္ဒပြ ကော်မတီများ” ဖွဲ့စည်းရန်လည်း ပြည်သူများကို ဇီယာက တိုက်တွန်းခဲ့သည်။

ဇီယာ၏ အဆိုပါ မိန့်ခွန်းကြောင့် အကြမ်းဖက်မှု ပိုမိုမြင့်တက်လာခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်တွင် မည်သူမှန်း မသိရသေးသော အကြမ်းဖက်သမားများက အစိုးရ တာဝန်ရှိသူများ လိုက်ပါလာသော ကားတစ်စီးကို ဓာတ်ဆီဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အခြားရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒုရဲအုပ် အဇမ်အလီက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ယင်းရွေးကောက်ပွဲနှင့် ပတ်သက်၍ အတိုက်အခံ ပါတီများ၏ သပိတ်မှောက်မှုနှင့် အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားနေသည့်အပြင် ပြည်ပနိုင်ငံ အချို့ကလည်း ဘင်္ဂလာားဒေ့ရှ်သို့ ရွေးကောက်ပွဲ စောင့်ကြည့်သူများကို စေလွှတ်မည် မဟုတ်ဟု ကြေညာထားသည်။ ၀န်ကြီးချုပ် ရှိတ်ဟာစီနာကမူ ယင်းရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် ထပ်မံအတည်ပြုခဲ့သည်။

အမတ်နေရာ ၃၀၀ ရှိသော ပါလီမန်တွင် နေရာထက်ဝက်ကျော် ၁၅၄ နေရာကို ယှဉ်ပြိုင်သူ မရှိသောကြောင့် အာဏာရ အ၀ါမီလိဂ်ပါတီနှင့် မဟာမိတ်များက အနိုင်ရရှိခဲ့ကြောင်း ကြေညာထားပြီးဖြစ်ရာ ဥရောပ သမဂ္ဂနှင့် အမေရိကန်တို့က ရွေးကောက်ပွဲကို မေးခွန်းထုတ်ခဲ့သည်။ အတိုက်အခံတို့က မဲလိမ်မည်ကို စိုးရိမ်သောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...