Thursday, December 26, 2013

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် နိုင်ငံသားတို့ အကျိုးအတွက် ပို၍လုံခြုံစိတ်ချမှု ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုအား တစ်ခုတည်း ပေါင်းစည်းသွားရန် စီစဉ်



Thursday, 26 December 2013


ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

တိုင်းပြည်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် နိုင်ငံသားတို့၏ အကျိုးအတွက် ပိုပြီးလုံခြုံစိတ်ချမှု ပေးနိုင်ရန် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပေါင်းစည်းသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ဥပဒေနှစ်ရပ်စလုံးက သူရဲ့ incentive တွေက ပြန်ကြည့်လိုက်ရင် အတူတူပါပဲ။ အခွန်ကင်းလွတ်ခွင့် ပေးတာလည်း အတူတူပါပဲ။ ဘာသွားဖြစ်နေလဲဆိုတော့ အာဆီယံ ၁၀ နိုင်ငံထဲမှာ မြန်မာတစ်နိုင်ငံပဲ ဥပဒေနှစ်ခု ဖြစ်နေတယ်။ အဲဒီတော့ တစ်ဖက်က ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့က Asean Comprehensive Investment Agreement ဆိုတာရှိတယ်။ အဲဒီ Agreement မှာ National Treatment ဆိုတာရှိတယ်။ ဘာလဲဆိုတော့ အခြားနိုင်ငံက နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု လာလုပ်ရင် ကိုယ့်နိုင်ငံသားကိုပေးတဲ့ အခွင့်အရေးတွေ အကုန်ပေးရမယ်။ အလားတူပဲ ကိုယ်နိုင်ငံကလူက အခြားနိုင်ငံ သွားလုပ်ရင်လည်း အခြားနိုင်ငံသားရတဲ့ အခွင့်အရေးကို ကိုယ့်နိုင်ငံသားက ရရမယ်ပေါ့။ ဆိုတော့ အာဆီယံရဲ့ Agreement အရရော၊ နောက်ပြီး ကျွန်တော်တို့က WTO အဖွဲ့ဝင်နိုင်ငံ ဖြစ်နေတယ်။ WTO မှာလည်း National Treatment ကပါနေတယ်။ ဆိုလိုတာက မြန်မာနိုင်ငံက ကိုယ့်နိုင်ငံကို လာလုပ်တဲ့သူတွေကို National Treatment မပေးဘူးလားဆိုတော့။ အဲလိုမဟုတ်ပါဘူး။ အတိုင်းအတာ တစ်ခုထိ ပေးပါတယ်။ မြန်မာနိုင်ငံသားကို အခွန်ကင်းလွတ်ခွင့် ငါးနှစ်ပေးရင် သူ့နိုင်ငံသားကိုလည်း ပေးပါတယ်။ ဒါပေမဲ့ ဥပဒေနှစ်ခု ဖြစ်နေတဲ့အတွက် မပေးသယောင် ဖြစ်နေတယ်။ ဖြစ်တော့ နိုင်ငံခြားသားအတွက် ဒါက စိတ်မသက်သာ လှဘူးပေါ့။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ IFC အပါအ၀င်ပေါ့ သူတို့ပြောတယ်။ နှစ်ခုမလုပ်ပါနဲ့တော့ တစ်ခုပဲလုပ်ပါ ဆိုပြီးတော့ ပြောလာတယ်။ အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပေါင်းသင့်တယ်လို့ အကြံပေးတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အနေအထားနဲ့ နိုင်ငံတကာ ကတိက၀တ်တွေအရလည်း ပေါင်းသင့်တယ်လို့ ယူဆပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။ “နောက်တစ်ချက်က ဘာသွားတွေ့လဲ ကိုယ့်နိုင်ငံသားတွေ သာသယောင်ယောင်နဲ့ နာနေတဲ့အပိုင်းလည်း ရှိတယ်။ ဆိုပါတော့ Asean Agreement မှာ နိုင်ငံခြားငွေကြေးကို လွတ်လွတ်လပ်လပ် လွှဲလို့ရမယ်။ အငြင်းပွားလို့ရှိရင် နိုင်ငံတကာ တရားရုံးတွေမှာ၊ Convention တွေမှာ သွားပြီးဖြေရှင်းလို့ ရမယ်။ နောက်တစ်ခုက Protection ပေါ့။ Asean Agreement အရ သူ့ရဲ့ Investment ကို သိမ်းလို့မရဘူး၊ သိမ်းရင်လျော်ကြေး ပြန်ပေးရမယ်။ လျော်ကြေးပေးတဲ့ အခါမှာလည်း ပေါက်ဈေးနဲ့ ပေးရမယ်လို့ ဒီလိုရှိနေတယ်။ ဆိုလိုတာက အာဆီယံနိုင်ငံတွေက ဥပမာ ထိုင်းကမြန်မာနိုင်ငံမှာ လာပြီးတော့ Investment လုပ်တယ်။ မလေးရှားကနေ မြန်မာနိုင်ငံမှာ Investment လုပ်တယ်။ လုပ်လို့များ နိုင်ငံခြားကနေငွေကို ချက်ချင်းလွှဲလို့ ရနေတယ်။ သူ့လုပ်ငန်းကိုလည်း မြန်မာနိုင်ငံကသွားပြီး သိမ်းလိုက်လို့ရှိရင်လည်း လျော်ကြေးတွေရမယ်။ ဒီနိုင်ငံခြားသားတွေက ဒီအခွင့်အရေးတွေ ရပေမယ့် မြန်မာနိုင်ငံသားတွေက အဲဒီအခွင့်အရေး မရဘူး ဖြစ်နေတယ်။ ကိုယ့်ဥပဒေမှာ အဲဒါမပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း အဲဒါမပါဘူး။ မပါပေမယ့်လည်း အခြား Agreement တွေအရ အခွင့်အလမ်းတွေ ရနေတယ်။ မြန်မာနိုင်ငံသားတွေက ထိုင်းရတဲ့ အခွင့်အလမ်းကို မရဘူး။ မလေးရှားရတဲ့ အခွင့်အလမ်းကို မရဘူး၊ ဒါကြောင့် နှစ်ခုပေါင်းစည်းနိုင်ရင် မြန်မာနိုင်ငံသားလည်း နိုင်ငံခြားသားရတဲ့ အခွင့်အရေးကို ရမယ်။ နိုင်ငံခြားသားလည်း မြန်မာနိုင်ငံသားရတဲ့ အခွင့်အရေးကို ရမယ်။ တိုင်းပြည်ရဲ့ investment ကို မြှင့်တင်တဲ့ နေရာမှာလည်း ပိုပြီးအားကောင်းမယ်။ နိုင်ငံသားတွေ အတွက်လည်း ပိုပြီးလုံခြုံစိတ်ချရမယ်။ ဒါကြောင့် ဒီနှစ်ခုကို ပေါင်းသင့်တယ်လို့ တွေ့ရတာပါ။ အခုပေါင်းဖို့ စပြင်နေပြီ” ဟု ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...