Thursday, December 26, 2013

လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိကဆွေးနွေးမည်

Thursday, 26 December 2013


ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ် မကျင်းပမီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

နေပြည်တော်တွင် ပြုလုပ်မည့် ပထမအကြိမ်လွှတ်တော် န၀မပုံမှန် အစည်းအဝေးများကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နံနက် ၁၀ နာရီအချိန်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို မွန်းလွဲ ၁ နာရီတို့တွင် စတင်ကျင်းပမည်ဟု သိရသည်။

လာမည့် န၀မအကြိမ် အစည်းအဝေးသည် ဘတ်ဂျက်အစည်းအဝေး ဖြစ်သည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်ပြလာမည့် ငွေလုံးငွေရင်း အသုံးစရိတ်များ၊ သာမန်အသုံးစရိတ်များ၊ ချေးငွေများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို အတည်ပြု ဆုံးဖြတ်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးကာလသည် အနည်းဆုံး နှစ်လကျော် ကြာမြင့်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ အဖွဲ့ဝင် ဦးစိုင်းသီဟကျော်က “ကျွန်တော်တို့ ဒီတစ်ခေါက် လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စတွေ စိစစ်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ၀န်ကြီးဌာနအလိုက် စီမံကိန်းဆိုင်ရာ လိုအပ်ချက်တွေကို အစိုးရအဖွဲ့ထံတင်ပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ဘဏ္ဍရေးကော်မရှင် ကနေတစ်ဆင့် လွှတ်တော်ကို ဘတ်ဂျက်ဥပဒေကြမ်းအဖြစ် ဆက်တင်ရမှာ ဖြစ်ပါတယ်။ တင်လာတဲ့ ဘတ်ဂျက်ဥပဒေကြမ်းကိုလည်း ကျွန်တော်တို့ကော်မတီ အနေနဲ့ စနစ်တကျ စိစစ်သွားမှာ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ထိုပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခြင်း ပြုလုပ်မည်ဖြစ်သည်။ တင်သွင်းပြီးနောက် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ခံယူကာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတမှ လက်မှတ်မထိုးဘဲ ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေကြမ်းတို့အား ပြန်လည်ဆွေးနွေး အတည်ပြုကြရမည် ဖြစ်သည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် အတည်ပြုနိုင်ခဲ့ခြင်း မရှိသည့် သတင်းမီဒီယာဆိုင်ရာ ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေများနှင့် အခွန်ဆိုင်ရာ ဥပဒေများကို ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။ ထို့ပြင် တရားရုံးများ လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ဥပဒေကြမ်းကိုလည်း တင်သွင်းရန်ရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...