Sunday, December 1, 2013

မြန်မာနိုင်ငံ၌ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ စိုးရိမ်နေရဆဲ ဖြစ်သောကြောင့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုသည် သီလ၀ါ စက်မှုဇုန် အကောင်အထည် ဖော်နိုင်မှုအပေါ် မူတည်နေကြောင်း ဂျပန်ဒုတိယ ကုန်သွယ်ရေးဝန်ကြီး ပြောကြား



မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှု တိုးတက်နေသော်လည်း ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ ထို့အတွက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၅ ခုနှစ် သီလ၀ါ စက်မှုဇုန် အကောင်အထည် ပေါ်လာမှုအပေါ် များစွာမူတည်နေကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ရာချီဟီကိုအီဆိုဟာကီက နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ကျင်းပခဲ့သော သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က)ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

"ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက နိုင်ငံ့ခေါင်းဆောင် တော်တော်များများ အလာရောက်ဆုံးနှစ်ပါ။ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဂျပန်လုပ်ငန်း ရှင်တွေကလည်း စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း လုပ်ငန်းရှင် တော်တော်များများက စိတ်ဝင်စားကြပါတယ်။ ဒီလို စိတ်ဝင်စားကြ ပေမဲ့လည်း ချီတုံချတုံ ဖြစ်နေတဲ့ အပိုင်းလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာတွေကို စိုးရိမ်ပူပန်မှုတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ပိုင်းမှာ ထပ်ဝင်လာမလာဘူး ဆိုတာကတော့ သီလ၀ါရဲ့ အောင်မြင်မှုအပေါ် အများကြီး မူတည်နေပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက်အအုံပိုင်းတွေ ဖွံ့ဖြိုးတိုးတက် သွားဖို့လည်း ဂျပန်အစိုးရက ထောက်ပံ့ကူညီ သွားမှာပါ" ဟု ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး မစ္စတာရာချီဟီကိုအီဆိုဟာကီက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေးအရ ပိုမိုတိုးမြှင့် လုပ်ကိုင်သွားနိုင်ရန် ဆန္ဒရှိကြောင်း၊ အလားတူ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများလည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အခု အကောင်အထည်ဖော်မယ့် သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ class A က ဟက်တာပေါင်း ၄၀၀ ရှိပါတယ်။ ၂၀၁၅ နွေရာသီမှာ အပ်နှံနိုင်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီက စီစဉ်ထားပါတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ ရန်ကုန်မြို့ကနေ ကီလိုမီတာ ၂၀ ဝေးကွာတဲ့ နေရာမှာ ရှိတဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ပါတယ်။ စီးပွားရေး အခြေအနေ ကောင်းတွေလည်း ရရှိလာမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီး ရရှိရေး၊ ရေရရှိရေး၊ လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ကြားသိရပါတယ်" ဟု သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၀င်ရောက်ရင်းနှီး မြှုပ်နှံထားသော ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ ယာဆူဟီကိုက ပြောကြားခဲ့သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား တည်ဆောက်အကောင်အထည် ဖော်ရေးနှင့် ပတ်သက်၍ ၂၀၁၂ လောက်မှစ၍ စတင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ၂၀၁၃ တွင် အကောင်အထည် ပေါ်လာနိုင်သည့်အတွက် တစ်နှစ်တာ ကာလအတွင်း နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှု အရှိန်မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ဂျပန်ဘက်မှ ပြောကြားခဲ့သည်။

မကြာသေးခင်က ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် Doing Business အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးမှုများ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ခက်ခဲနေဆဲ ဖြစ်သည့်အတွက် နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် ၁၈၂ အဆင့်၌ ရောက်ရှိနေကြောင်းလည်း ဖော်ပြထားသည်။

(ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ကျင်းပခဲ့သော သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...