Sunday, December 1, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားဝတ်နေရေး အခက်ခဲနှင့် အလုပ်ကိုင် အခွင့်အလမ်း ရှားပါးနေ၍ ခိုးမှုများ အများဆုံး ဖြစ်ပွားနေကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ပြောကြား



ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော မှုခင်းဖြစ်စဉ်များအနက် ခိုးမှုဖြစ်စဉ်မှာ အများဆုံး ဖြစ်ပွားနေပြီး ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ စားဝတ်နေရေး အခက်ခဲနှင့် အလုပ်ကိုင် အခွင့်လမ်းရှားပါးမှုနှင့် ဆက်စပ်မှု ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ခိုးမှု ၇၉ မှုဖြစ်ပွားခဲ့ပြီး ၃၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အောက်တိုဘာ၌ ခိုးမှုဖြစ်စဉ် ၈၄ မှုဖြစ်ပွားခဲ့ပြီး ၄၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

"ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်တွေ အားလုံးထဲမှာဆိုရင် ခိုးမှုဖြစ်စဉ်တွေက အများဆုံး ဖြစ်ပွားနေပါတယ်။ အဓိကကတော့ စားဝတ်နေရေးနဲ့ အလုပ်ကိုင် အခွင့်လမ်းရှားပါးမှုကြောင့် ဖြစ်ပါတယ်။ အလုပ်ရှိတဲ့လူကတော့ မှုခင်းဖြစ်စဉ်ကျူးလွန်ဖို့ စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။ စားစရာမရှိတော့လည်း ဒီလိုကိစ္စတွေ ကိုစဉ်းစားပြီးတော့ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ခိုးမှုနဲ့ ထောင်ကျနေတဲ့ သူတွေကလည်း ပြစ်ဒဏ်မစေ့ခင် လျှော့ရက်တွေ၊ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်ထွက်လာတာတွေ ရှိတယ်။ ထွက်လာတဲ့ သူတွေကလည်း ခိုးမှုနဲ့ပဲပြန်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

"ဒီလိုမှုခင်းဖြစ်စဉ်တွေ လျော့ကျသွားဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုတင်ကာကွယ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ဟောပြောပွဲတွေ ပြုလုပ်နေပေမဲ့လည်း ပြစ်မှုကျူးလွန်ခဲ့သူ နောက်တစ်ကြိမ် ထပ်မံမကျူးလွန်နိုင်အောင် ဥပဒေဘောင်ထဲကနေပြီးတော့ အထိရောက်ဆုံး အရေးယူဖို့လိုပါတယ်။ လူသတ်မှု ကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းမိဖို့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်။ ဖမ်းမိတဲ့သူကို တရားရုံးအနေနဲ့ကလည်း ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လိုအပ်ပါတယ်" ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆက်လက် ပြောကြားခဲ့သည်။

(ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသည့် ခိုးမှုတရားခံတစ်ဦးနှင့် ခိုးရာပါပစ္စည်းများအား တွေ့ရစဉ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...