Sunday, December 1, 2013

ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများနှင့် အဖြေရှာ လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန် တိုက်တွန်း



နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများဖြင့် အဖြေရှာ လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၃၀ ရက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် အမှာစကား ပြောကြားရာ၌ သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ရှင်သန်နေပြီဖြစ်တဲ့ အရပ်ဘက် အဖွဲ့အစည်းများနဲ့ လူထုအခြေပြု အဖွဲ့အစည်းများ အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်အကောင်အထည်ဖော်တဲ့ နေရာမှာ မိမိတို့ ရည်မှန်းချက်၊ ယုံကြည်ချက်ကို အခြေခံပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ကြောင်း ပြောကြားလိုပါတယ်။ ဒါပေမဲ့ ယနေ့ကာလလို ထိလွယ်ရှလွယ် အခြေအနေများ၊ မရေရာ မသေချာမှုများနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွက် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများနဲ့ အဖြေရှာ လုပ်ဆောင်ကြဖို့လည်း ပြောကြားလိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

ယင်းကဲ့သို့ အဖြေရှာ လုပ်ဆောင်သည့် နေရာတွင် အဖွဲ့အစည်း တစ်ခုချင်း အနေနှင့်သော် လည်းကောင်း၊ နိုင်ငံသား တစ်ဦးချင်း အနေနှင့်သော် လည်းကောင်း လက်ရှိရရှိထားသည့် နိုင်ငံရေး အပြောင်းအလဲများ ဆက်လက်ရှင်သန်ရေးနှင့် ခိုင်မာသည့် အသွင်ကူးပြောင်းရေးများ ပေါ်ပေါက်လာရေးဆိုသည့် ရှုမြင်မှုများကို အခြေခံသော ချဉ်းကပ်မှုများ၊ လုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက် ကြရန်လည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တည်ဆောက်ရာတွင်လည်း နောက်ဆုံးညှိနှိုင်းသည့် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် အောင်မြင်စွာ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အမျိုးသား စည်းလုံးညီညွတ်မှုကို စုစည်းနိုင်ဖို့ ဆိုပါက မိမိတို့ လူ့အဖွဲ့အစည်းတွင် အစိုးရနှင့် ပြည်သူကြား၊ Institutions များနှင့် ပြည်သူအကြား၊ နိုင်ငံသား တစ်ဦးနှင့် တစ်ဦးအကြား ကာလကြာရှည် ပျောက်ဆုံးခဲ့ရသော အပြန်အလှန် ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန်လည်း အထူးလိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်က "နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းဆိုတဲ့ အရေးကြီးတဲ့ အဆင့်များ တက်လှမ်းနိုင်ဖို့ နောက်ဆုံးအဆင့် ညှိနှိုင်းတဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ထားပါတယ်" ဟု ပြောကြားသည်။

ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး အတွေ့အကြုံများအရ လက်ရှိလူ့အဖွဲ့အစည်းတွင် သံသယများ မြင့်တက်ခဲ့ရပြီး အချင်းချင်း ယုံကြည်မှု လျော့နည်းခဲ့ကြောင်း၊ ယင်းအချက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားနိုင်ငံရေး ဖြစ်စဉ်သစ်များ အရှိန်အဟုန်ဖြင့် တိုးတက်ရန် ဖန်တီးသည့် နေရာတွင် စိန်ခေါ်မှုတစ်ခု အနေဖြင့် တည်ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံရေး ဖြစ်စဉ်သစ်များ တည်ဆောက်သည့် နေရာတွင် အဓိကကျသည့် ပြည်သူလူထုကြား ယုံကြည်မှု တည်ဆောက်ခြင်းဆိုသည့် ကိစ္စကို အရပ်ဘက် လူ့အဖွဲ့အစည်းများက ပိုမိုဆောင်ရွက်နိုင်စွမ်း ရှိသည်ဟု သုံးသပ်မိကြောင်းလည်း ၎င်းက ပြောကြားသွားသည်။

အချင်းချင်းကြား ယုံကြည်မှုနည်းပါး နိမ့်ပါးနေသည့် လူ့အဖွဲ့အစည်းများတွင် တွေ့မြင်ရလေ့ရှိသော အားနည်းချက်များအဖြစ် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး မှန်ကန်သည့် လုပ်ရပ်များနှင့် ကြိုးပမ်းမှုများကို လိုရာဆွဲပုံဖော်ခြင်း၊ အစဉ်အမြဲ ရှင်သန်နေသည်ဟု လိုအပ်သည့် အယူအဆသစ်များ၊ အတွေးအခေါ် သစ်များကို လက်မခံဘဲ ရှေးရိုးကျပြီး အစွန်းမလွတ်သည့် အတွေးအခေါ် ဟောင်းများကို ကိုင်စွဲထားလေ့ရှိခြင်း၊ အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၏ အားနည်းချက်များ၊ လိုအပ်ချက်များကို အဆိုးမြင်အဖြစ် ပြောဆိုခြင်းဆိုသည့် ရပ်တည်ချက်များ ထားရှိခြင်း၊ အချင်းချင်း သတင်းအချက်အလက်များ မျှဝေလိုခြင်း မရှိဘဲ သတင်းထိမ်ချန်ပြီး အသာစီးရဖို့ ကြိုးစားသည့်အတွက် ပွင့်လင်းမျှတသည့် ဆွေးနွေးညှိနှိုင်း အဖြေရှာမှုများကို အဟန့်အတား ဖြစ်စေခြင်းဆိုသည့် အားနည်းချက်များဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

(နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်))
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...