Sunday, December 1, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မီဒီယာကတ် ရရှိပြီးသူများအား မီဒီယာစင်တာဝင်ရန် MPC ကတ် ပြုလုပ်ရာတွင် ငွေနှစ်သောင်းခွဲ ပေးသွင်းစရာ မလို



ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မီဒီယာကတ် ရရှိပြီးသူများအား မီဒီယာစင်တာ ၀င်ရန် MPC ကတ် ပြုလုပ်ရာတွင် ငွေနှစ်သောင်းခွဲ ပေးသွင်းစရာ မလိုကြောင်း နိုဝင်ဘာ ၃၀ ရက် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က "မီဒီယာကတ် ရရှိသူအားလုံးသည် ဒီ MPC ကတ်ကို ပိုင်ဆိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ ဒါကို စီလည်းစီစဉ် နေပါပြီ။ နှစ်သောင်းခွဲဆိုတဲ့ ကိစ္စက သတင်းလွဲချော်မှုပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ နှစ်သောင်းခွဲကို တရားဝင်လည်း မထုတ်ပြန်သေးပါဘူး။ သတင်းစကား ပျံ့နှံ့သွားတယ်လို့ပဲ ယူဆပါတယ်။ မီဒီယာကတ် ရှိတဲ့သူတိုင်းကို MPC ကတ် ထုတ်ပေးမှာပါ။ ကိုယ့်သတင်းသမားတွေ ၀င်လို့ရအောင်နဲ့ လုံခြုံရေးလည်း ပိုပြီးကောင်းမွန်အောင်လုပ်တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ "လုံခြုံရေးက အလွန်အရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ဖို့ အတွက် ဒီနေရာကြီးက လုပ်ပေးမှာပါ။ ဒီနေရာကြီး လုံခြုံရေး ကျိုးပေါက်သွားရင် ဘယ်သူမှ မသိတော့ဘူး။ အလွန်အရေး ကြီးတဲ့အတွက် ဒီကတ်ကို လုပ်ရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ ရည်ရွယ်ချက် ဘာမှမပါဘူး။ အမြန်ဆုံး ဖြစ်အောင်လုပ်ပေးဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ဆီကို သတ်မှတ်ထားတဲ့ရက်မှာ မလာဘဲနဲ့ နောက်မှလာတဲ့သူ၊ ရုတ်တရက် ရောက်လာတဲ့ သူတွေအတွက်ကတော့ အခုပြောတဲ့ နှစ်သောင်းခွဲပါ။ ရက် ၂၀ နဲ့ နှစ်သောင်းခွဲ စားလိုက်ရင် နည်းနည်းပဲ ကျမှာပါ။ လက်ရှိရပြီးသားသူတွေ စာရင်းရထားတဲ့သူတွေ လုံးဝပေးစရာ မလိုပါဘူး" ဟု ဦးလှိုင်မြင့်က ပြောကြားသည်။

၂၀၁၃ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲ သတင်းရယူရန် ပြည်တွင်းပြည်ပ သတင်းထောက် ဦးရေမှာ ပြည်တွင်းသတင်းထောက် ၃၆၉ ဦး၊ မဇ္ဈိမ ၁၀၅ ဦး၊ သတင်းနှင့် စာနယ်ဇင်း ၁၈၄ ဦး၊ နိုင်ငံတကာ သတင်းထောက် ၁၁၂ ဦး၊ ဘလော့ဂါ ၃၆၃ ဦး၊ မြန်မာ့အသံ ၆၆၈ ဦး၊ ဖော်အဲဗား ၅၉၇ ဦးနှင့် စကိုင်းနက် ၄၆၇ ဦး စုစုပေါင်း သတင်းထောက် ၂၈၆၅ ဦး တရားဝင် သတင်းရယူ သွားမည်ဖြစ်ကြောင်း သိရသည်။

(နိုဝင်ဘာ ၃၀ ရက်က မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...