Sunday, December 1, 2013

တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့်ရှိပြီး ခင်ပွန်းမှတစ်ဆင့် ဇနီးသို့ ကူးစက်ခံရနှုန်းသည် အများဆုံးဖြစ်နေ




မြန်မာနိုင်ငံ၌ တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့် ရှိနေပြီး ကူးစက်ခံရသူ အများစုမှာ ခင်ပွန်းမှတစ်ဆင့် အိမ်ထောင်ရှင် အမျိုးသမီးထံသို့ ကူးစက်မှုမှာ အများဆုံးဖြစ်နေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ UNAIDS၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားသည့် "HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015" တွင် ဖော်ပြထားချက်များအရ သိရသည်။

"ကူးစက်ခံရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေဆိုရင်လည်း သူတို့ကိုယ်တိုင် ဘယ်မှမသွား၊ ဘာအန္တရာယ်ရှိတဲ့ အပြုအမူမှ မလုပ်ဘဲ အိမ်ထဲမှာပဲနေပြီး ကိုယ်တိုင်ကူးစက် ခံရမယ်လို့ မတွေးမိတဲ့သူတွေ ဖြစ်နေတယ်။ အန္တရာယ် ထူးထူးခြားခြား မရှိတဲ့ အမျိုးသမီးတွေမှာ ရောဂါကူးစက်မှုတွေ ဖြစ်နေတာပါ။ တွက်ကြည့်မယ်ဆိုရင် တစ်ရက်ကို အိမ်ထောင်ရှင် အမျိုးသမီး ခြောက်ဦးဝန်းကျင်လောက်က အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေ ရပါတယ်" ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောကြားသည်။

ထို့ပြင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် အေအာတီစင်တာသစ်များ တိုးချဲ့ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆေးဝါးလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်း အထိပေးရန် လျာထားကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

လက်ရှိ အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ခြောက်သောင်းကျော် (၄၈ ဒသမ ၅ ရာခိုင်နှုန်း) ကို ဆေးပေးလျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် တစ်သိန်းကျော် (၈၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက် မှုများအရ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း တစ်သိန်းနှစ်သောင်း ကျော်ခန့်ရှိကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအားစနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ဆေးပေးသည့် HIV Test-kits များ ပြတ်လပ်နေခြင်းနှင့် CD4 စက်များ မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် CD4 စက်အလုံး ၄၀ ခန့် မှာယူထားပြီး ယင်းစက်များ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လိုအပ်နေသည့် နေရာများတွင် တိုးချဲ့တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS Section တွင် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနေသည့် ဝေဒနာရှင် အမျိုးသမီးများအား တွေ့ရစဉ်)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...