Sunday, December 1, 2013

Quarto Product ကုမ္ပဏီမှ ဖမ်းဆီးမိသည့် ဘီယာ၊ ၀ိုင် အပါအ၀င် လိုင်စင်မဲ့ တင်သွင်းသည့် ပြဿနာများအတွက် စီးပွားကူးသန်း ဒုဝန်ကြီး ဦးဆောင်ကာ ဖြေရှင်းမှုများ ပြုလုပ်နေ



လှိုင်မြို့နယ်ရှိ Quarto Product ကုမ္ပဏီမှ ဘီယာ၊ ၀ိုင်နှင့် လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင် နိုင်ငံခြားသား သုံးဦးနှင့် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေပြီး ထိုသို့အလားတူ ပြဿနာများ ဆက်လက် မဖြစ်ပွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဆောင်၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သတင်းရရှိသည်။

Quarto Product ကုမ္ပဏီမှ လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များ အပါအ၀င် ဘီယာနှင့် ၀ိုင်များ တင်သွင်းခဲ့သည့် ဖြစ်စဉ်တွင် ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးနှင့် စင်ကာပူ နိုင်ငံသားတစ်ဦး အပါအ၀င် နိုင်ငံခြားသားသုံးဦး ပါဝင်ပတ်သက်နေပြီး ထိုကဲ့သို့ ပတ်သက်မှုများနှင့် ဆက်နွှယ်နေမှုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဆက်နွှယ်နေကြောင်း သိရသည်။

အလားတူပင် မြန်မာနိုင်ငံ၌ အရက်၊ ဘီယာ၊ ၀ိုင်များအား လေဆိပ်ရှိ Duty Free Shop နှင့် ဟိုတယ်များတွင်သာ တင်သွင်းရောင်းချခွင့် ပြုထားပြီး ကျန်နေရာများတွင် ရောင်းချရန်နှင့် တင်သွင်းရန် ခွင့်ပြုမထားသော ကန့်သတ်ကုန်စည်များ ဖြစ်နေပြီး တင်သွင်းခွင့်ကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ တင်သွင်းခွင့်ပြုကြောင်း သိရသည်။

"တရားဝင် တင်သွင်းထားတဲ့ ဘီယာ၊ ၀ိုင်တွေက ဟိုတယ်နှစ်ခုရဲ့ တင်သွင်းခွင့် လိုင်စင်ကို ကိုယ်စားလှယ်အနေနဲ့ တင်သွင်းခဲ့တာ တွေ့ရှိရတယ်။ အဲဒါကြောင့် ဟိုတယ်ခရီး ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးဖို့ တင်ပြခဲ့ရတယ်။ နောက်ပြီး Quarto Product ကုမ္ပဏီအနေနဲ့ နိုင်ငံတွင်းကို ကန့်သတ်ဘီယာ၊ ၀ိုင်တွေတင်သွင်းမှုမှာ ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး၊ စင်ကာပူ နိုင်ငံသားတစ်ဦး အပါအ၀င် နိုင်ငံခြားသားသုံးဦး ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။ အဲဒီအကြောင်းကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ဆက်လက် တင်ပြထားပါတယ်။ နိုင်ငံခြားသားသုံးဦး ပါဝင် ပတ်သက်နေတယ် ဆိုတာက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သက်ဆိုင်ပြီး သူတို့ရဲ့ ခွင့်ပြုချက်ထဲမှာ ဒီလိုမျိုး ခွင့်ပြုခဲ့သလားဆိုတာနဲ့ သက်ဆိုင်ပါတယ်"ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

လက်ရှိအချိန်တွင် ထိုသို့ အရက်၊ ဘီယာ၊ ၀ိုင် စသည့် ကန့်သတ်ကုန်စည်များ တင်သွင်းမှုနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနအပါအ၀င် ဟိုတယ်လုပ်ငန်းရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီးမှ ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ Quarto Product ကုမ္ပဏီမှ တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းသည့် ကုန်စည်များ အပါအ၀င် လိုင်စင်မဲ့ တင်သွင်းခဲ့သည့် ကုန်စည်များအား စစ်ဆေးမှုအရ ၀ိုင်၊ အချိုရည်၊ ဘီယာသုံးမျိုးနှင့် စားသောက်ကုန်များတွင် IL /ID မရှိ ကုန်ပစ္စည်း ၁၀ မျိုး ခန့်မှန်းတန်ဖိုးကျပ် ၁၉၃သိန်းဝန်းကျင်၊ IL /ID မရှိ ကုန်ပစ္စည်း ၇၂မျိုး ခန့်မှန်းတန်ဖိုးကျပ် ၁၂၇ သိန်းဝန်းကျင်၊ IL /ID ထက် မြေပြင်စာရင်းပိုနှစ်မျိုး ခန့်မှန်းတန်ဖိုးကျပ် ၆၈ သိန်းဝန်းကျင်နှင့် Co လွဲဝိုင် ၄၂၆၂ အမျိုးအစား ကိုးမျိုးနှင့် ခန့်မှန်းတန်ဖိုး ၂၅၅ သိန်းဝန်းကျင်နှင့် စုစုပေါင်း ကုန်ပစ္စည်း ၉၃ မျိုးနှင့် ခန့်မှန်းတန်ဖိုး ၆၄၄ သိန်းကျော်ဖိုးခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီတွင် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့မှုအပေါ်အတိုင်း အရေးယူဆောင်ရွက်ရန် Quarto Product ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာအား ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့် အကောက်အခွန် ဥပဒေများဖြင့် စစ်ဆေး အရေးယူထားကြောင်း သိရသည်။

(ဖမ်းဆီးရမိသည့် ဘီယာ၊ ၀ိုင်နှင့် လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရဲကို))
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...