Wednesday, January 1, 2014

ရှစ်မိုင်လမ်းဆုံတွင် ခုံးကျော်တည်ဆောက်မည့် အစီအစဉ်ကို ရပ်ဆိုင်းပြီး ယာဉ်ကြောပိတ်ဆို့သည့် လမ်းကြောင်းအား အလိုအလျောက် ရှင်းလင်းထိန်းချုပ်ပေးသည့်စနစ် စမ်းသပ်တပ်ဆင် အသုံးပြု




ရှစ်မိုင်လမ်းဆုံမီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့လမ်းကြောင်းအား အလိုအလျောက် ရှင်းလင်းပေးသည့်စနစ်ကို စမ်းသပ်အသုံးပြုထားသည်ကို တွေ့ရစဉ်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ယာဉ်ကြောရှုပ်ထွေးနေသည့် နေရာများအနက် တစ်ခုပါဝင်သည့် မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ၀န်ကြီးဦးအောင်ခင်က ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ မီးပွိုင့်တွင် ခုံးကျော်တံတား တည်ဆောက်မှုအား ရပ်ဆိုင်းခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ဂျပန်နိုင်ငံမှ အကူအညီဖြင့် ယာဉ်ကြောပိတ်ဆို့လာသည့် ယာဉ်လမ်းကြောင်းကို အလိုအလျောက် ရှင်းလင်းထိန်းချုပ်ပေးနိုင်သည့် စနစ်ကို တပ်ဆင်စမ်းသပ် အသုံးပြုနေကြောင်း သိရသည်။

အဆိုပါစနစ်ကို လွန်ခဲ့သည့် ရှစ်လခန့်မှ စတင်ပြီး ရှစ်မိုင်လမ်းဆုံတွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်စီးရေများကို ကွင်းဆင်းလေ့လာခဲ့ပြီး ဂျပန်နိုင်ငံမှ တီထွင်ပြုလုပ် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။

ရှစ်မိုင်မီးပွိုင့်လမ်းဆုံတွင် တပ်ဆင်ထားသည့် အလိုအလျောက် ရှင်းလင်းထိန်းချုပ်ပေးနိုင်သည့် စနစ်တွင် Manual နှင့် Auto ခလုတ်များ ပါဝင်ပြီး မီးပွိုင့်တိုင်တွင် ကင်မရာများ ထားရှိပြီး ၎င်းကင်မရာမှတစ်ဆင့် မီးပွိုင့်ရပ်မျဉ်းမှ မီတာ ၃၀ အတွင်းသို့ ၀င်ရောက်လာသည့် ယာဉ်များအား ထိန်းချုပ်ရှင်းလင်း ပေးမည်ဖြစ်ကြောင်း သိရသည်။

“ရှစ်မိုင်လမ်းဆုံမှာ ခုံးကျော်တံတား တည်ဆောက်ဖို့ အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားပါတယ်။ အခု ဂျပန်နိုင်ငံက အကူညီနဲ့ JICA က လပေါင်းများစွာ လေ့လာပြီးတော့ ယာဉ်ကြောကျပ်လာတဲ့ လမ်းကြောင်းကို အလိုအလျောက် မီးပွိုင့်စိမ်းပြီး လမ်းကြောင်းရှင်းတဲ့ စနစ်ကို တပ်ဆင်ထားပါတယ်။ အခုဒီစနစ်က ထိရောက်မှု ရှိမရှိကိုလည်း စောင့်ကြည့်နေတယ်။ အောင်မြင်မှု ရှိတယ်ဆိုရင်တော့ တစ်မြို့လုံးနီးပါးကို ဒီစနစ်တပ်ဆင် အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်” ဟု ၀န်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောရှုပ်ထွေးမှု ဖြစ်ပွားနေသည့် ရွှေဂုံတိုင်မီးပွိုင့်၊ ဘုရင့်နောင်၊ လှည်းတန်းလမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း အချို့လမ်းများတွင်မူ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလျက် ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်း ပိတ်ဆို့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက “အခုရန်ကုန်မြို့မှာ ယာဉ်ကြောတွေ ပိတ်ဆို့လို့ ခုံးကျော်တံတားတွေဆောက်ပြီး ဖြေရှင်းခဲ့တာက ကောင်းပါတယ်။ ဒါပေမဲ့ ခုံးကျော်တံတား တည်ဆောက်ခဲ့တဲ့ အပိုင်းကတော့ ဒီထက်ပိုပြီး ရေရည်အတွက် စဉ်းစားပြီးတော့ ပိုပြီးစနစ်ကျတဲ့ တံတားတွေ တည်ဆောက်ဖို့ လိုတယ်။ အခု တည်ဆောက်ခဲ့တဲ့ အခြေအနေက ရရှိတဲ့ ငွေကြေးဘတ်ဂျက်ပေါ် မူတည်ပြီး တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ရန်ကုန်မြို့မှာ စည်းကမ်းမဲ့ ရပ်တဲ့ယာဉ်တွေကို ထိထိရောက်ရောက် အရေးယူနေတဲ့အတွက် အရင်ကထက်စာရင် ယာဉ်ကြောတွေ သွားလာမှု အဆင်ပြေလာတယ်။ ဒါပေမဲ့ လမ်းအပြည့်အ၀ အသုံးပြုနိုင်ဖို့အတွက် အားလုံးပူးပေါင်း ပါဝင်ဖို့ လိုအပ်ပါတယ်” ဟု ဒီဇင်ဘာ ၃၁ ရက်က ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...