Wednesday, January 1, 2014

ရုရားတွင် အသေခံ ဗုံးဖောက်ခွဲမှုများကြောင့် သေဆုံးသူ ၃၃ ဦးထိ မြင့်တက်လာ၊ ကျူးလွန်သူများကို ဥပဒေနှင့်အညီ ရှာဖွေဖမ်းဆီးသွားမည်ဟု ပူတင်ကတိပြုခဲ့



ဗော်ဂိုဂရပ်မြို့တွင် အသေခံကားဗုံးခွဲမှုကြောင့် လျှပ်စစ်ဘတ်စ်ကား အပျက်အစီးကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံ (Photo:AFP)


ရုရှားနိုင်ငံတောင်ပိုင်း ဗော်ဂိုဂရပ်မြို့၌ ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ကျူးလွန်ခဲ့သူများကို ရှာဖွေဖမ်းဆီးရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၃၀ ရက်တွင် ကတိပြုခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက် အစောပိုင်းတွင် ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ပူတင်က ယခုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုများကို တိုက်ဖျက်ရာတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်တွဲဆောင်ရွက်ခဲ့ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းဖြင့် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ပူးပေါင်းတိုက်ဖျက်ရာတွင် ကုလသမဂ္ဂက အရေးပါသော ကဏ္ဍမှ ပါဝင်သင့်ကြောင်းကို ပူတင်က ပြောကြားခဲ့သည်။

ဗုံးဖောက်ခွဲမှု ကျူးလွန်သူများကို တရားခွင်တင်ရာတွင် ရုရှားသည် အပြည်ပြည်ဆိုင်ရာ ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဟု ပူတင်က ဘန်ကီမွန်ကို အာမခံချက် ပေးခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နစ်ဆာကီက ပြောကြားခဲ့သည်။ ဘန်ကီမွန်ကလည်း တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သူများအတွက် အလွန်အမင်း ၀မ်းနည်းမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကို တိုက်ဖျက်ရာတွင် နိုင်ငံတကာက အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်ဟု နစ်ဆာကီက ပြောကြားခဲ့သည်။

ယင်းဗုံးခွဲ တိုက်ခိုက်မှုများကို အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ကန့်ကွက်ရှုတ်ချသည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဗုံးဖောက်ခွဲမှု ကျူးလွန်သူများကို တရားခွင်တင်နိုင်ရေးအတွက် ကြိုးပမ်းရာတွင် နိုင်ငံတိုင်းက ရုရှားနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ဗော်ဂိုဂရပ်၌ ဖြစ်ပွားခဲ့သော အသေခံ ဗုံးဖောက်ခွဲမှုများ၌ ရရှိခဲ့သည့် ဒဏ်ရာများဖြစ် လူနှစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၃၃ ဦးထိ မြင့်တက်လာခဲ့သည်ဟု အရေးပ်ါအခြေအနေ တုံ့ပြန်ဖြေရှင်းရေး ၀န်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်တွင် ဆိုချီဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ စတင်ကျင်းပရန် စီစဉ်နေစဉ် ယခုကဲ့သို့ အသေခံဗုံးခွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြောက်ကော့ကေးဆပ် ဒေသတစ်လျှောက် အစ္စလာမ္မစ်ပြည်နယ် ထူထောင်ရန် ကြိုးပမ်းနေသော စစ်သွေးကြွခေါင်းဆောင် ဒိုကူအူမာရော့သည် ယင်းဒေသ အပြင်ဘက်ရှိ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ရန်နှင့် အိုလံပစ်ပြိုင်ပွဲ ပျက်ပြားစေရန်အတွက် တိုက်ခိုက်ကြရန် အဖွဲ့ဝင်များကို ညွှန်ကြားထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...