Wednesday, January 1, 2014

ဒီဇင်ဘာ တတိယပတ်အထိ နယ်စပ်တစ်လျှောက်နှင့် တရားမ၀င် ကုန်သွယ်မှုလမ်းကြောင်းများမှ တရားမ၀င် ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၇ ဒသမ ၅ ဘီလျံကျော် ဖမ်းဆီးအရေးယူခဲ့



မူဆယ်-မန္တလေး လမ်းကြောင်းတွင် တရားမ၀င် သယ်ဆောင်လာသည့် ပစ္စည်းများအား တွေ့ရစဉ်


ဒီဇင်ဘာ တတိယပတ်အထိ နယ်စပ်တစ်လျှောက်နှင့် တရားမ၀င် ကုန်သွယ်မှု လမ်းကြောင်းများမှ တရားမ၀င် ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၇ ဒသမ ၅ ဘီလျံကျော်အား ဖမ်းဆီးအရေးယူခဲ့ကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား ဖမ်းဆီးရာတွင် မြ၀တီ-ရန်ကုန်လမ်းကြောင်း၊ မူဆယ်-မန္တလေးလမ်းကြောင်း၊ မူဆယ်ထုတ်နှုတ်အင်အား၊ တမူးထုတ်နှုတ်အင်အား၊ တာချီလိတ် ထုတ်နှုတ်အင်အားနှင့် ကန်ပိုက်တီး(OSS) အင်အားတို့မှ ဖမ်းဆီးအရေးယူခဲ့သည့် ထုတ်နှုတ်စုစုပေါင်းဖြစ်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်အတွက် ကန့်သတ်ကုန်ပစ္စည်း စစ်ဆေးရေးဂိတ်များအား ရုပ်သိမ်းခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ အခွန်အခများ ဖြေလျှော့ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သော်လည်း တရားဝင်ကုန်သွယ်မှု တန်ဖိုးမှာ သိသာစွာ တိုးတက်လာခြင်း မရှိသည့်အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍ Mobile Team အဖွဲ့များ ဖွဲ့စည်း၍ တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ Mobile Team အဖွဲ့များမှ ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် အရက်၊ ဘီယာ၊ ကျောက်စိမ်း၊ စက်သုံးဆီနှင့် ဖုန်းဟန်းဆက် စသည့်ကုန်စည်များကို အများဆုံး ဖမ်းဆီးရမိခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ ရှောင်ကွင်းလမ်းများမှတစ်ဆင့် ကုန်သွယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းကြောင်းအလိုက် တရားမ၀င် ကုန်သွယ်မှုများအား ဖမ်းမိရာတွင် မူဆယ်-မန္တလေးလမ်းကြောင်းမှ တရားမ၀င် ကုန်သွယ်မှုတန်ဖိုး အများဆုံးဖြစ်ပြီး ကျပ် ၃ ဒသမ ၅ ဘီလျံကျော်ဖိုး ရှိခဲ့ကြောင်း သိရသည်။

လှုပ်ရှားရှာဖွေ တားဆီးစစ်ဆေးရေးအဖွဲ့ (Mobile Team) များက တရားမ၀င် ကုန်သွယ်မှုများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများတွင်လည်း စစ်ဆေးအရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...