Wednesday, January 1, 2014

ကေအင်န်ယူ၊ ကေအိုင်အေနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား စာရင်းဝင် ၃၅ ဦးမှာ သမ္မတ၏ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်သော်လည်း အခြားပြစ်မှုများဖြင့် အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲဖြစ်



လွတ်မြောက်လာမည့် အကျဉ်းသားများအား ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ကြိုနေသော မိသားစုဝင်များအား တွေ့ရစဉ်


ကေအင်န်ယူ၊ ကေအိုင်အေနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား စာရင်းဝင် ၃၅ ဦးမှာ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးနှင့် ဆက်နွှယ်သည့် လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်သော်လည်း အခြားပြစ်မှုများဖြင့် အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲဖြစ်သည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

နိုင်ငံရေး ပုဒ်မများဖြင့် ပြစ်ဒဏ်ခံနေရသူများအပြင် ကြားနာစစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်းအရေးယူဆဲ ခံနေရသူများအား နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ် ၅၁/၂၀၁၃) ဖြင့် ဒီဇင်ဘာ ၃၀ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန်ကာ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်းမှာရှိနေတဲ့ အရင်စစ်အစိုးရ လက်ထက်မှာ ထောင်ကျခဲ့တဲ့သူတွေက များသောအားဖြင့် နိုင်ငံရေးပုဒ်မအပြင် အခြားပုဒ်မတွေနဲ့ တွဲပြီးတော့ ထောင်ကျခဲ့တာတွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဒီစာရင်းထဲမှာ ရှိတဲ့သူတွေက နိုင်ငံရေးပုဒ်မ၊ မနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ပုဒ်မတွေနဲ့တော့ သူတို့ဟာ ဒီပြစ်ဒဏ်တွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပေမယ့် အခြားပြစ်ဒဏ်တွေ တခြားဒီထဲမှာ မပါတဲ့ ပုဒ်မတွေနဲ့ ကျခဲ့တဲ့ ပြစ်ဒဏ်တွေက ဆက်ပြီးတော့ ခံစားနေရတာ ရှိပါတယ်။ အဲဒါကြောင့်မို့ သူတို့ဒီနေ့ မလွတ်လာနိုင်ပါဘူး။ ထောင်ထဲမှာပဲ ဆက်ရှိနေကြပါတယ်” ဟု ဦးရဲအောင်က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားသည်။

လက်ရှိတွင် အကျဉ်းထောင်များ၌ နိုင်ငံရေးပုဒ်မများအပြင် အခြားပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ နိုင်ငံရေးပုဒ်မ မပါသော်လည်း နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အခြားပုဒ်မများနှင့် ဖမ်းဆီးခံရပြီး ထောင်ကျနေသူများ စုစုပေါင်း ၃၅ ဦး ကျန်ရှိနေသေးပြီး အဆိုပါ ကျန်ရှိနေသူများအား အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ထိုသို့လွှတ်ပေးရန် နားလည်မှု ရရှိထားသည်ဟု ဦးရဲအောင်က ပြောပြသည်။

“ကျန်နေသေးတဲ့လူ ဒီ ၃၅ ဦးက အဓိကကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်။ ကေအင်န်ယူပါတယ်။ အေဘီအက်စ်ဒီအက်ဖ်ပါတယ်။ ကေအိုင်အေပါပါတယ်။ ရှမ်းပါပါတယ်။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ သူတွေပါ။ အစိုးရကို ဘာတိုက်တွန်းချင်တာလဲဆိုရင် နိုင်ငံရေး အကျဉ်းသားတွေအားလုံး ဒီနှစ်ကုန်မှာ မရှိစေရဘူးဆိုတဲ့ ကတိအတိုင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ခဲ့သလိုပဲ ဒီလူတွေကို လွှတ်ပေးဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးမှုတွေ အားလုံးကို အတည်ဖြစ်အောင် ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်ဖို့ ကတိတည်တည်နဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောဆို ချင်ပါတယ်” ဟု ဦးရဲအောင်က အစိုးရအဖွဲ့အား တိုက်တွန်းပြောကြားသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်၊ မော်လမြိုင်နှင့် တောင်ကြီးအကျဉ်းထောင်များမှ အကျဉ်းသားငါးဦး၊ အမှုရင်ဆိုင်နေရသူ ၁၂၀ ၀န်းကျင် လွတ်မြောက်ခဲ့ကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် အမှုရင်ဆိုင်နေရဆဲ လွတ်မြောက်လာသူ စာရင်းကို ကောက်ယူဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ၅၀၅ (ခ) နဲ့ တရားစွဲခံထားရပါတယ်။ ဒီနေ့ လွတ်မြောက်မှု အပေါ်မှာတော့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ သို့ပေမဲ့ အထဲမှာ ရဲဘော်တွေ အများကြီး ကျန်သေးပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ဒီနှစ်ကုန်မှာ အကုန်လွှတ်ပေးမယ်လို့ ပြောသော်ငြားလည်း ပထမ ဖမ်းစဉ်တုန်းက လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကိုလည်း အခြားပုဒ်မတွေနဲ့ ဖမ်းဆီးထားတာ ရှိပါတယ်။ အဲဒီအပေါ်မှာ ကျန်ခဲ့တာတွေလည်း အများကြီးရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ နှစ်တိုကျနေတဲ့ နိုင်ငံရေးသမားသာ အဓိကပါခြင်း ဖြစ်ပါတယ်။ ဒါဟာ အရမ်းမှားယွင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ တကယ်တမ်း လွှတ်ပေးမယ်ဆိုရင် နှစ်အဆက်ဆက်က ဖမ်းဆီးထားတဲ့ ဒီမိုကရေစီရေးအတွက် လက်နက်ကိုင်ဆောင် တော်လှန်တဲ့ ရဲဘော်တွေကို ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးထားတဲ့ အမှုတွေကို လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု တစ်နှစ်ပြည့်တွင် တရုတ်အလံအား မီးရှို့ဆန္ဒပြခဲ့သူ ကိုတင်ထွဋ်ပိုင်က ပြောကြားသည်။


လက်ရှိတွင် အကျဉ်းထောင်များ၌ နိုင်ငံရေးပုဒ်မများအပြင် အခြားပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ နိုင်ငံရေးပုဒ်မ မပါသော်လည်း နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အခြားပုဒ်မများနှင့် ဖမ်းဆီးခံရပြီး ထောင်ကျနေသူများ စုစုပေါင်း ၃၅ ဦး ကျန်ရှိနေသေးပြီး အဆိုပါ ကျန်ရှိနေသူများအား အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း

ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့၍ ပုဒ်မ ၁၈ ဖြင့် ထောင်ကျခဲ့သူ ကိုရန်နိုင်ထွန်းက “ပြည်တွင်းစစ်ကြီး ရပ်စဲဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာထိ လမ်းလျှောက်ခဲ့လို့ ပုဒ်မ ၁၈ နဲ့ ထောင်ထဲကို ရှစ်လပြစ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု အားလုံးအတွက်တော့ ဒါလွတ်ငြိမ်းချမ်းသာခွင့် ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ အတွက်တော့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး။ အပြင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေရဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တစ်ခု။ နောက်တစ်ခုက ဒါသမ္မတရဲ့ ကတိတည်ကြည်မှု တစ်ခုလို့ ကျွန်တော်မြင်တယ်။ တရားစီရင်ရေးရဲ့ အားနည်းချက်ကို ဖာထေးတဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော်မြင်ပါတယ်” ဟု ပြောကြားသည်။

ထို့အတူ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုအောင်မင်းနိုင်က “အခုလို ပြန်လွတ်လာတာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ မီဒီယာတွေရဲ့ ကြိုးစားမှုတွေ အများကြီး ပါပါတယ်။ ပုဒ်မ ၁၈ ဆိုတာက အခြေခံဥပဒေအပေါ် ရောက်နေတယ်။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း အခြေခံဥပဒေကို လေးစားလိုက်နာမှု မရှိပါဘူး။ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေမှန်သမျှ ဆက်ပြီးလည်း ဆန့်ကျင်သွားမှာပါ။ နိုင်ငံရေး သမားတွေဟာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ကစားစရာ အရုပ်တွေ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန်အကျဉ်းထောင်မှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများကို လာရောက်ကြိုဆိုသော မကွေးဆရာတော် ဦးပါမောက္ခက “နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတဲ့အပေါ်မှာ ဘုန်းကြီးအနေနဲ့ ၀မ်းမြောက်တယ်။ ကြိုဆိုတယ်။ သမ္မတကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ဒီပုဂ္ဂိုလ်တွေဟာ အမှန်တကယ်တော့ အကျဉ်းထောင်တွေထဲမှာ ရောက်သင့်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ၅၀၅ (ခ) တို့၊ ပုဒ်မ ၁၈ တို့ဆိုတာ နိုင်ငံတကာမှာ မရှိတဲ့ ပုဒ်မတွေပါ။ ဒါဟာ ခရိုနီ လူတစ်စု ကောင်းစားရေးအတွက် ရေးဆွဲထားတဲ့ ပုဒ်မတွေပါ။ ဥပမာ ရဲမင်းဦး အမှုဆိုရင် ပြစ်ဒဏ်မချဘဲ အချုပ်ချထားတာ ကိုးလကျော်ရှိနေပါပြီ။ အဲဒီလို လုပ်ရပ်မျိုးဟာ ဒီမိုကရေစီသွားတဲ့ လမ်းကြောင်းမှာ မရှိသင့်ပါဘူး။ မဏ္ဍိုင်ကြီး သုံးရပ်ကလည်း ပြိုလဲနေတယ်။ ဒီမိုကရေစီ ဒီမိုကရေစီလို့သာ ပြောနေကြတယ်။ တကယ်တမ်း ဘာနဲ့အလားသဏ္ဌာန် တူလဲဆိုရင် ဆိတ်ခေါင်းပြပြီး ခွေးသားရောင်းနေတယ်။ ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့ အာဏာရှင်။ တိုင်းပြည်နဲ့ပြည်သူရဲ့ မျက်နှာကို ကြည့်မယ်ဆိုရင် အဲဒီ ၅၀၅ (ခ) တို့၊ ပုဒ်မ ၁၈ တို့ကို ဖျက်သိမ်းပါ။ အဲလို မဖျက်သိမ်းဘူးဆိုရင် ယနေ့လွတ်လာတဲ့ ပုဂ္ဂိုလ်သည်ပင်လျှင် မနက်ဖြန် ဟောဒီအကျဉ်းထောင်ထဲကို ပြန်ရောက်လာနိုင်တယ်။ နောက်ပြီးတော့ အဲဒီပုဒ်မတွေကကို မတရားဘူး။ မတရားတဲ့ ဥပဒေတွေနဲ့ မတရားတဲ့ သက်သေတွေခေါ်ပြီး မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခြင်းဟာ ဒီမိုကရေစီနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ၊ လွှတ်တော်အမတ်တွေ ပြည်သူလူထုနဲ့ မိမိနိုင်ငံ ကောင်းစားချင်တယ်ဆိုရင် အမြန်ဆုံး ပြုပြင်ကြပါ၊ ညီညွတ်ကြပါလို့ ဘုန်းကြီးတိုက်တွန်း လိုပါတယ်” ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများလွှတ်သည့် ဒီဇင်ဘာ ၃၁ ရက်က အင်းစိန်အကျဉ်းထောင်တွင် အခြားပုဒ်မများဖြင့် ကျခံနေရသူများပါ လွတ်ငြိမ်းချမ်းသာခွင့် ရမည်အထင်နှင့် ၎င်းတို့၏ မိသားစုဝင်များလည်း လာရောက်စောင့်မျှော် ခဲ့ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...