Wednesday, January 1, 2014

အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် ဆေးလိပ်မသောက်ရန် တရုတ်အစိုးရ တာဝန်ရှိသူများကိုတားမြစ်




မတ်လက ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် အစည်းအဝေး တက်ရောက်နေသည့် ကိုယ်စားလှယ်များ စီးကရက် aသာက်နေကြစဉ် (Photo:AP)


တရုတ်တွင် အများပြည်သူနှင့်ဆိုင်သည့် နေရာများ၌ ဆေးလိပ်မသောက်ရန် အစိုးရ အရာရှိများအား ညွှန်ကြားထားကြောင်း သိရသည်။ ကမ္ဘာ့အကြီးဆုံး ဆေးလိပ်ဈေးကွက်ဖြစ်သော တရုတ်တွင် ယင်းသို့ပေါ်ပေါ်ထင်ထင် ဆေးလိပ်ဆန့်ကျင်မှုမှာ ရှားပါးလုပ်ရပ်တစ်ခု ဖြစ်သည်။

စာသင်ကျောင်းများ၊ ဆေးရုံများ၊ အားကစားကွင်း၊ အားကစားရုံများ၊ ယဉ်ကျေးမှုဌာနများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ သင်္ဘောများ အစရှိသည့် အများပြည်သူဆိုင်ရာ နေရာများတွင် အစိုးရ အရာရှိများနှင့် ကေဒါအားလုံး ဆေးလိပ်မသောက်ရဟု အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့ဆိုင်ရာ အစည်းအဝေးနှင့် ဖိုရမ်များကဲ့သို့သော အစိုးရရုံးပိုင်းဆိုင်ရာ အခမ်းအနားနှင့် လှုပ်ရှားမှုများတွင်လည်း ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်ကုန်များကို တားမြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန် အသုံးပြုမှုအတွက် ပြည်သူ့ဘဏ္ဍာငွေကို အသုံးမပြုသင့်ဟုလည်း ဖော်ပြခဲ့သည်။

အစိုးရ အရာရှိများ၏ အကျင့်ပျက်ခြစားမှုနှင့် အလွန်အကျွံ ဖြုန်းတီးမှုတို့ကို နှိမ်နင်းရန် တရုတ်သမ္မတ ရှီကျင်ပင်း၏ ကြေညာချက်နှင့်အတူ အရာရှိအချို့၏ လာဘ်စားမှုများကို နှိမ်နင်းနေစဉ် အဆိုပါ ထုတ်ပြန်ချက် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ စီးကရက်သည် ရေပန်းအစားဆုံး လက်ဆောင်တစ်မျိုးဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် တစ်ဘူးလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ တန်ဖိုးရှိ စီးကရက်ကို နန်ကျင်းမြို့ အစိုးရအရာရှိတစ်ဦး သောက်နေသည်ကို အင်တာနက် အသုံးပြုသူများက ထုတ်ဖော်ခဲ့ပြီးနောက် ယင်းအရာရှိအား လာဘ်စားမှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။

အများပြည်သူဆိုင်ရာ လေဟာပြင်မဟုတ်သည့် မိုးလုံလေလုံ အဆောက်အအုံ နေရာများတွင် ဆေးလိပ်သောက်ခြင်းကို ၂၀၁၁ ခုနှစ်ကတည်းက တရုတ်ကျန်းမာရေး အာဏာပိုင်များက တားမြစ်ခဲ့ပြီးဖြစ်သည်။

သို့သော် ဆေးလိပ်သောက်သူ သန်း ၃၀၀ ကျော်ရှိသည့် တရုတ်တွင် ယင်းစည်းမျဉ်းစည်းကမ်းကို လေးစားလိုက်နာခြင်း မရှိဟု သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...