Wednesday, January 1, 2014

ဂျပန်နှင့် စင်ကာပူနိုင်ငံတို့က ကမ်းလှမ်းထားသော ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် ယခုလအတွင်း တင်ဒါခေါ်ယူမည်




အဆင့်မြှင့်တင်မှု ပြုလုပ်မည့် ရန်ကုန်ဘူတာကြီးအား တွေ့ရစဉ်


ဂျပန်နှင့် စင်ကာပူနိုင်ငံတို့က ကမ်းလှမ်းထားသော ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် ယခုလအတွင်း တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းတင်ဒါခေါ်ယူမှုအတွက် မကြာသေးမီက နိုင်ငံတော်က ခွင့်ပြုမိန့်ချထားပေးခဲ့ပြီး လက်ရှိတွင် တင်ဒါခေါ်ယူမှု လုပ်ငန်းများ၏ လိုအပ်ချက်များကို ဂျပန်နိုင်ငံမှ အကူအညီ တောင်းခံထားပြီးဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“နိုင်ငံတကာ လုပ်ငန်းအဖြစ် လုပ်ဆောင်မယ့်အစီအစဉ် ဖြစ်တာကြောင့် တင်ဒါခေါ်ယူမှုတွေကို စနစ်တကျ လုပ်ဆောင်နေရပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံရဲ့ အကူအညီကိုလည်း တောင်းခံထားတယ်။ အခု ဇန်န၀ါရီလအတွင်းမှာ အပြီးသတ် ခေါ်ယူနိုင်အောင်တော့ စီစဉ်ထားပါတယ်” ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွင်း ကတည်းက စီစဉ်ထားခဲ့သော ရန်ကုန်ဘူတာဝင်းကြီး တစ်ခုလုံးအား နိုင်ငံတကာအဆင့်မီ လုပ်ဆောင်မည့် အစီအစဉ်တွင် ဂျပန်နှင့် စင်ကာပူနိုင်ငံများမှ ကုမ္ပဏီနှစ်ခုစီက လာရောက်တင်ပြခြင်းနှင့် ပြည်တွင်းကုမ္ပဏီတစ်ခုက လာရောက်တင်ပြခြင်းတို့ ရှိခဲ့ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

သို့သော် နိုင်ငံတကာအဆင့်မီ လုပ်ဆောင်မည်ဖြစ်သည့်အတွက် ပြည်ပကုမ္ပဏီများသို့သာ လုပ်ကိုင်ခွင့်ကို ပြုသွားမည်ဖြစ်ပြီး ကုန်ကျမည့်ငွေမှာလည်း အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ကုန်ကျနိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းကုမ္ပဏီများကို လုပ်ကိုင်ခွင့် မပေးခဲ့ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်နောင်က ပြောကြားသည်။

အဆင့်မြှင့်တင်မှု ပြုလုပ်မည့် ရန်ကုန်ဘူတာကြီးတွင် နိုင်ငံတကာ စံနှုန်းနှင့်အညီ လူနေအဆောက်အအုံများ၊ အပန်းဖြေအနားယူနိုင်မည့် ပါဝင်သည့် Public Service နေရာများ အများစု ထည့်သွင်းလုပ်ကိုင်မည် ဖြစ်ကြောင်းနှင့် ရထားလမ်းကြောင်း၊ ရထားပို့ဆောင်ရေး စနစ်မှာလည်း အဆင့်မြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အရှုံးပေါ်နေသည်ဟု ဆိုထားသော ရထားပို့ဆောင်ရေး ကဏ္ဍအတွက် ရန်ကုန်ဘူတာကြီးကို ပြည်ပပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင်လည်း ရန်ကုန်-မန္တလေးနှင့် ရန်ကုန်မြို့ပတ် ရထားလိုင်းများတွင် ကြော်ငြာလုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ပြည်တွင်လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာ့မီးရထား ကဏ္ဍတွင် ဂျပန်နိုင်ငံနှင့် ကဏ္ဍအသီးသီး၌ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ချေးငွေများရယူခြင်းတို့ ပြုလုပ်နေပြီး၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရန်ကုန်မြို့ပတ် ရထားတွဲများကို အဲယားကွန်းရထား၊ အဆင့်မြှင့်ရထားတို့ အစားထိုးပြေးဆွဲမှုများ ပြုလုပ်နေသည့်အပြင် ပြည်တွင်းလုပ်ငန်းရှင်များသို့ ရန်ကုန်မြို့ပတ် အပါအ၀င် အခြားရထားလိုင်းများကိုလည်း လုပ်ကိုင်နိုင်ရန်အတွက် စီစဉ်နေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...