Wednesday, January 1, 2014

တည်ဆောက်ပြီးစီးသွားသည့် စကိတ်စခန်းသို့ မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်





နိုင်ငံမြောက်ပိုင်းတွင် တည်ဆောက်ဆဲ စကိတ်အပန်းဖြေစခန်းကို သွားရောက်လည်ပတ်ခဲ့သည့် ကင်ဂျုံအွန်


အသစ်တည်ဆောက် ပြီးစီးသွားပြီဖြစ်သော စကိတ်စခန်းသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ဒီဇင်ဘာ ၃၁ ရက်က သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းအနေဖြင့် အလွန်စိတ်ဝင်စားမှုရှိသော အဆိုပါ စကိတ်စခန်းအား ပြည်သူများအတွက် အမြန်ဆုံး ဖွင့်လှစ်ပေးရန် ညွှန်ကြားခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။

အဆိုပါ Masik Pass စကိတ်စခန်းတွင် ကင်ဂျုံအွန်က ကောင်းကင်ကြိုးတန်းယာဉ်အား အစမ်းစီးခဲ့ပြီး စကိတ်စခန်းကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်က စကိတ်စခန်းသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။

စကိတ်ကွင်းသည် အလုံးစုံ ကောင်းမွန်သောကြောင့် များစွာကျေနပ်မိကြောင်းနှင့် လာရောက်လည်ပတ်သူများလည်း နှစ်သက်မှု ရှိစေရေးအတွက် ဆောင်ရွက်ပေးရန်နှင့် စကိတ်ကွင်းအား အစောဆုံးရက် သတ်မှတ်ဖွင့်လှစ်ပေးရန်လည်း ကင်ဂျုံအွန်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးပထမဦးစားပေး မူဝါဒ ကျင့်သုံးသော ဆောင်ဂန်းခေတ်တွင် ယခုစကိတ်စခန်းသည် ကြီးမားသည့် အောင်မြင်မှုရလဒ်ဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ စကိတ်စခန်းကို စစ်တပ်က ဦးဆောင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စကိတ်ကွင်း စီမံကိန်းသည် ကွန်မြူနစ် မြောက်ကိုရီးယား အစိုးရ၏ ၀ါဒဖြန့်ချိရေး စီမံကိန်းတစ်ခုသာ ဖြစ်သောကြောင့် ဒေါ်လာ ၇ ဒသမ ၆ သန်းတန်ဖိုးရှိ စကိတ်ကွင်းသုံး ကောင်းကင်ကြိုးတန်းယာဉ်များ ရောင်းချမည့် အစီအစဉ်ကို ဆွစ်ဇာလန်နိုင်ငံက ပယ်ဖျက်ခဲ့သည်။

စုစုပေါင်း ကီလိုမီတာ ၁၁၀ (မိုင် ၇၀) ရှည်ပြီ အမြင့်အမျိုးမျိုး ပါဝင်သည့် စကိတ်ပြေးလမ်းများ၊ ဟိုတယ်တစ်လုံး၊ ရဟတ်ယာဉ် ဆင်းသက်ကွင်းတစ်ခုနှင့် ကေဘယ်လ်ကားများ ပါဝင်သည့် အဆိုပါ စကိတ်ကွင်းသို့ ကင်ဂျုံအွန် သွားရောက်လည်ပတ်ခဲ့သည့် ဇွန်လမှစတင်၍ တည်ဆောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ကာ ၂၀၁၃ ခုနှစ်ကုန်တွင် အပြီးတည်ဆောက်ရန် သတ်မှတ်ခဲ့သည်။

အသက် ၃၀ ခန့်အရွယ်သာ ရှိသေးသော ကင်ဂျုံအွန်အနေဖြင့် ငွေကုန်ကြေးကျများသော အပန်းဖြေလုပ်ငန်း စီမံကိန်းများကို မြို့တော်ပြုံယမ်းဝန်းကျင်တွင် တည်ဆောက်ခဲ့သည်။ အောက်တိုဘာလ အတွင်းကလည်း ရေကူးကန်များ၊ ရေလွှာလျှောစီးရန် နေရာများနှင့် ရေနွေးငွေ့ဖြင့် အနွေးဓာတ်ပေးသည့် နေရာများပါဝင်ပြီး အကျယ် ၁၀၉,၀၀၀ စတုရန်းမီတာရှိသော Munsu Water Park ကို အောက်တိုဘာလ အတွင်းက ဖွင့်လှစ်ခဲ့သည်။

စက်တင်ဘာလ အတွင်းကလည်း ကင်ဂျုံအွန်သည် Rungna ပြည်သူ့ဥယျာဉ်အတွင်းရှိ 4D ရုပ်ရှင်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ပြုံယမ်းမြို့ရှိ Rungna အပန်းဖြေဥယျာဉ်တွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကင်ဂျုံအွန်သည် ရိုလာကိုစတာ သွားရောက်စီးခဲ့ပုံအား ဓာတ်ပုံအရိုက်ခံခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...