Wednesday, January 1, 2014

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံသား လုပ်ငန်းရှင်များက ဟိုတယ်၊ ခရီးလုပ်ငန်း ကဏ္ဍတွင် ကျပ် ၂၅၇ ဘီလျံကျော် ၀င်ရောက်မြှုပ်နှံထားပြီး ပမာဏအများဆုံး ကဏ္ဍဖြစ်



Star Sapphire Hotel ကုမ္ပဏီမှ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ရခဲ့သည့် ထားဝယ်မြို့ရှိ မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်-ထားဝယ်)


ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံသား လုပ်ငန်းရှင်များက ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် ကျပ် ၂၅၇ ဘီလျံကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားပြီး မြှုပ်နှံမှုပမာဏ အများဆုံးကဏ္ဍအဖြစ် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များ မြှုပ်နှံမှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး ယခင်က မြှုပ်နှံမှုများခဲ့သည့် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍများတွင် မြှုပ်နှံမှုပမာဏ ထက်ကျော်လွန်ကာ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ တတိယအများဆုံး ၀င်ရောက်မြှုပ်နှံသည့် ကဏ္ဍအဖြစ် ရပ်တည်နေပြီး ဒုတိယနေရာ၌ အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့် ဆောက်လုပ်ရေး၊ စွမ်းအင်၊ အိမ်ခြံမြေကဏ္ဍတို့တွင်လည်း ၀င်ရောက်မြှုပ်နှံမှု များခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ ပြည်နယ်နှင့်တိုင်းအလိုက် လိုင်စင်ရဟိုတယ် အလုံးပေါင်း ၈၃၄ လုံးရှိကြောင်း သိရပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နိုင်ငံသားလုပ်ငန်းရှင်များ မြှုပ်နှံလုပ်ကိုင်မည့် ဟိုတယ်စီမံကိန်း ခုနစ်ခုကို ၂၀၁၃ ခုနှစ်အတွင်း ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ရရှိခဲ့သည့် နိုင်ငံသားပိုင် ကုမ္ပဏီများမှာ Shwe Taung Development ကုမ္ပဏီ၊ Taw Win Family Construction ကုမ္ပဏီ၊ Max(Myanmar) Hotel ကုမ္ပဏီ၊ Star Sapphire Hotel ကုမ္ပဏီ၊ Win & Win Family Construction ကုမ္ပဏီ၊ Grand Park Hotel ကုမ္ပဏီနှင့် Ayeyarwaddy Resorts and Lodges တို့မှ BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း၍ ဟိုတယ်တည်ဆောက်ခြင်းအပြင် ကိုယ်ပိုင်မြေ၀ယ်ယူ၍ တည်ဆောက်ခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ နှစ်စဉ်မြင့်တက်မှုရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ခရီးသွားဦးရေ သုံးသန်းအထိ တိုးတက်ဝင်ရောက်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ လျာထားပြီး မြန်မာနိုင်ငံတွင် နိုင်ငံသား လုပ်ငန်းရှင်များနည်းတူ နိုင်ငံခြား လုပ်ငန်းရှင်များကလည်း ၀င်ရောက်မြှုပ်နှံမှုများရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...