Monday, February 3, 2014

ဈေးအ၀ယ်များလို့ တော်သင့်ပြီထင်ရင် လော့ခ်ပိတ်လိုက်မယ့် စမတ်လက်ကိုင်အိတ်





သင်ဈေးဝယ်ထွက်တာများလို့ တော်သင့်ပြီထင်ရင် လော့ခ်ပိတ်လိုက်မယ့် စမတ်လက်ကိုင်အိတ် ထွက်ရှိလာပါတယ်။ ဒီ စမတ်လက်ကိုင်အိတ်ဟာ သင်အနှစ်သက်ဆုံး စတိုးဆိုင်ထဲကို ခြေလှမ်းလိုက်တာကိုတောင် သိနိုင်စွမ်းရှိပါတယ်။
ရှော့ပင်ထွက်တာကို စွဲလန်းလွန်းပြီး ငွေအရမ်းသုံးတဲ့သူတွေကို ထိန်းချုပ်ပေးမယ့် နည်းပညာမြင့် လက်ကိုင်အိတ်လေးတစ်လုံးပါ။ ဒီအိတ်ကို iBag လို့ခေါ်ပြီး အိတ်ပိုင်ရှင်ရဲ့ ငွေအသုံးနှုန်းကို ခြေရာခံပေးဖို့ စမတ် အာရုံခံကိရိယာ တစ်မျိုး တပ်ဆင်ထားပါတယ်။
စိတ်လွတ်လက်လွတ် ရှော့ပင်ထွက်နေတာမျိုး (ဒါမှမဟုတ်) အကြိုက်နှစ်သက်ဆုံး စတိုးဆိုင်ကို ၀င်မိတာမျိုးတွေကို iBag ကအာရုံခံမိပြီဆိုတာနဲ့ သူ့ဟာသူ လော့ခ်ချပိတ်ပလိုက် နိုင်စွမ်းရှိပါတယ်။
Creditcardfinder.com.au ကကြီးမှူးကျင်းပတဲ့ ဆာဗေးတိုင်းတာမှုတစ်ရပ် ပြီးတဲ့နောက်မှာ ဒီ iBagကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ လူတစ်ယောက်တည်းက အကြွေးဝယ်ကတ် (၄)ကတ်လောက်ကိုင်ဆောင်ထားပြီး လစဉ် အပြည့်ငွေမခြေတဲ့သူတွေကို တွေ့ရှိခဲ့ရတာကြောင့် ဖြစ်ပါတယ်။



အိတ်ထဲမှာ တပ်ဆင်ထားတဲ့ ကွန်ပျူတာအသေးစားလေးကိုသုံးပြီး ထိန်းချုပ်ထားတာပါ။

မြန်မာဒုက္ခသည် ခေါ်ယူမှု အမေရိကန် ရပ်နားတော့မည်





မြန်မာဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စု လာရောက်အခြေချနေထိုင်ဖို့ ခေါ်ယူနေတဲ့အစီအစဉ်ကို ရပ်နားတော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။

၂ဝဝ၅ ခုနှစ်ကစတင်ခဲ့တဲ့ အဲဒီ ဒုက္ခသည်များ ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်အရ ကရင်တိုင်းရင်းသား အများစုပါဝင်တဲ့ မူရင်းနေရပ် စွန့်ခွါထွက်ပြေးခဲ့ရသူ မြန်မာနိုင်ငံသား ခုနှစ်သောင်းသုံးထောင်ခန့်ကို အမေရိကန် ပြည်ထောင်စုက ခေါ်ယူခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က ခုလိုခေါ်ယူခဲ့တဲ့ အစီအစဉ်ကြောင့် မြန်မာဒုက္ခသည် အရေအတွက် သိသိသာသာ လျှော့နည်းသွားပြီဖြစ်ကြောင်းနဲ့ အစီအစဉ်အရ အကျုံးဝင်တဲ့ မြန်မာဒုက္ခသည်တချို့ဟာ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းလာရောက် အခြေချနေထိုင်ဖို့ စိတ်မဝင်စားကြကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

၁ဝ နှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဒီအစီအစဉ်ကို ပြုမြဲထုံးစံအတိုင်း အဆုံးသတ်တော့မှာဖြစ်ကြောင်း၊ တကယ်လို့ ကျန်ရှိနေသေးတဲ့ မြန်မာ ဒုက္ခသည်တွေထဲက အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းလာရောက် အခြေချနေထိုင်လိုသူတွေ ရှိနေဦးမယ်ဆိုရင် သူတို့အနေနဲ့ အခုအမြန်ဆုံး လျှောက်ထားကြရမှာဖြစ်ကြောင်းနဲ့ အဲဒီလို လျှောက်ထားသူအားလုံးကို စိစစ်ပြီး အကျုံးဝင်သူတွေကို ခေါ်ယူမှာဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ရှင်းလင်းပြောကြားပါတယ်။

RFA

နှစ်သစ်မှာ ကလေးများများယူကြပါ ~ စင်္ကာပူဝန်ကြီးချုပ်




နှစ်သစ်မှာ ကလေးများများယူကြဖို့ စင်္ကာပူဝန်ကြီးချုပ်က သူ့နိုင်ငံသူ နိုင်ငံသားတွေကို တိုက်တွန်းလိုက်ပါပြီ။





တရုတ်နှစ်သစ်ကူးကာလအတွက်ထုတ်လိုက်တဲ့ သဝဏ်လွှာမှာ ဝန်ကြီးချုပ်က … အနာဂတ်ကိုထူထောင်ဖို့ ကလေးတွေ အလုံအလောက် လိုအပ်တယ်ဆိုတဲ့သဘော ပြောသွားပါတယ်။
လက်ထပ်ကြဖို့၊ မိခင်ဖခင်ဘ၀ခံယူကြဖို့ အစိုးရက လှုံ့ဆော်သော်ငြားလည်း ကလေးမွေးနှုန်းကျင်ဆင်းနေတုန်းပါပဲလို့ သူက ဆိုပါတယ်။
ရှေ့လ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့မှာ မင်္ဂလာဆောင်ကြဖို့ မှတ်ပုံတင်ထားသူ စုံတွဲပေါင်း ၃ဝဝ နီးပါးရှိကြောင်းလည်း သူက ထည့်ပြောသွားပါတယ်။
မိသားစုဘ၀ တည်ဆောက်ပြီ ဆိုတာနဲ့ ကလေးပြုစုပျိုးထောင်ရေး၊ မူကြိုကျောင်း ဆိုတာတွေ ရှိလာပါပြီ။ ဒီအကြောင်းကိုလည်း ဝန်ကြီးချုပ်လီရှန်လွန်းရဲ့ သ၀ဏ်လွှာမှာ တွေ့ရမှာပါ။
မူကြိုကျောင်းတွေ မြန်မြန်နဲ့များများ ထပ်ပေါ်လာအောင် ကြိုးပမ်းနေတယ်၊ ပြီးခဲ့တဲ့နှစ်က မူကြိုကျောင်း အသစ် ၇,ဝဝဝ ပေါ်လာအောင် စီစဉ်ပေးနိုင်ခဲ့တယ်၊ ၂၀၁၇ ဆိုရင် မူကြိုကျောင်း နှစ်သောင်း ရှိလာဖို့ ရည်ရွယ်ထားတယ်လို့ ဆိုတယ်။
မိသားစုဘ၀တည်ထောင်ရေးကို အားပေးထောက်ခံလာကြအောင်လည်း စီစဉ်ရမယ်လို့ ဆိုတယ်။
လီရှန်လွန်းအကြောင်း အွန်လိုင်းမှာ နည်းနည်းချောင်းကြည့်လိုက်တော့ သူက သားသမီး ၄ ဦး ရှိတဲ့ ဖခင်လို့ ဆိုပါတယ်။ သူကိုယ်တိုင် သားသမီး မနည်းဘူး ဆိုတော့ တခြားသူတွေကိုလည်း ကလေးများများမွေးကြဖို့ တိုက်တွန်းတာ မှားတယ်လို့ မဆိုနိုင်ပါ။
တရုတ်လူမျိုးတွေဟာ ပဝေသဏီကတည်းက ကမ္ဘာအနှံ့ရောက်ရှိနေပြီး စင်္ကာပူမှာလည်း တရုတ်အများအပြား နေထိုင်လျက်ရှိပါတယ်။
လူများစု တရုတ်ဖြစ်နေတတဲ့ စင်္ကာပူမှာ တရုတ်နှစ်သစ်ကူး အငွေ့အသက်ကို တခြားသော အာရှနိုင်ငံများထက် ပိုမို မြင်တွေ့ရဖွယ်ရှိပါတယ်။ အခုတောင် ဝန်ကြီးချုပ်က တရုတ်နှစ်ကူး၊ မြွေနှစ်ကနေ မြင်းနှစ်ကို ကူးတဲ့ သမယမှာ စာတစောင် ထုတ်လိုက်ပြီ မဟုတ်လား။
သ၀ဏ်လွှာကို စာဖတ်သူ အများအပြားက မှတ်ချက်ပေးနေရာမှာ တယောက်ကတော့ … လူငယ်တွေ နိုင်ငံအတွက် ဂုဏ်မယူတော့တဲ့အနေအထားရောက်အောင် ဦးဆောင်နေသူ ဆိုပြီး သူ့ကို မှတ်ချက်ပေးထားပါတယ်။ ခေါင်းဆောင်တဦးအနေနဲ့ဆိုရင် စွမ်းဆောင်ရည် အားနည်းတယ်လို့လည်း သုံးသပ်ထားပါတယ်။

အပေါ်ပုံကတော့ တရုတ်နှစ်ကူးကာလတခုမှာ တွေ့ရတဲ့ ပင်နီဆူလာ ပလာဇာ အတွင်းပိုင်းမြင်ကွင်းပါ။ ဧရာဝတီဘလော်ဂါစည်သူလင်း ရိုက်ကူးထားတာပါ။ ပင်နီဆူလာ ဆိုတာ စင်္ကာပူရောက် မြန်မာပြည်သား အများအပြား ဆုံဆည်းတတ်တဲ့နေရာဖြစ်ပြီး အဲဒီမှာ မြန်မာပြည်သားများအတွက် ပစ်မှတ်ထားတဲ့ ဆိုင်တွေ လုပ်ငန်းတွေ ပြည့်နေပါတယ်။
စင်္ကာပူမှာ မြန်မာပညာတတ်အများအပြား သွားရောက် အခြေချနေထိုင်ကြတဲ့အတွက် ၀န်ကြီးချုပ်ပြောတဲ့ စင်္ကာပူရဲ့အနာဂတ်မျိုးဆက်မှာ မြန်မာတွေလည်း ပါဝင်နေပါလိမ့်မယ်။
စင်္ကာပူလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန အွန်လိုင်းမှာတော့ ဒီကနေ့က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့အတွက် အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။

ဂွေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ





Healthသရက်သီးနဲ့ ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည် ရွှမ်းသလို ကယ်လိုရီ ပါဝင်မှု ပို လျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်။ ဂွေးသီးကို အလွယ်တကူ ဝယ်ယူလို့ ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိတာကိုလည်း တွေ့ရပါတယ်။ ဂွေးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာကြည့်ရအောင်.။
(၁) ကယ်လိုရီ ပါဝင်မှု လျော့နည်းခြင်း
ဂွေးသီးဟာ ကယ်လိုရီပါဝင်မှုအ လွန်နည်းပါးတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ၁၀ဝ ဂရမ်အလေးချိန်ရှိတဲ့ ဂွေးသီးတွေ မှာ ၂၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ သ ရက်သီး ၁၀ဝ ဂရမ်မှာ ၆၄ ကယ်လိုရီပါ ဝင်တာကြောင့် သရက်သီးနဲ့ယှဉ်ရင် ဂွေး သီးမှာ ကယ်လိုရီ နှစ်ဆနီးပါး လျော့နည်းမှု ရှိပါတယ်။ ဒါကြောင့် ကယ် လိုရီများများ မရရှိဘဲ အစာစားချင်စိတ် ကို ကျေနပ်မှု ရရှိစေကာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိ စေပါတယ်။
(၂) အမျှင်ဓာတ် ပါဝင်မှု မြင့်မားခြင်း
ဂွေးသီးမှာ အမျှင်ဓာတ် များများ ပါ ဝင်ပါတယ်။ဂွေးသီး ၁၀ဝဂရမ်ပမာဏမှာ အမျှင်ဓာတ် ၅ ဒသမ ၇ ဂရမ်ပါဝင်တာ ကြောင့် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ်ရဲ့ ၂၃ ရာခိုင်နှုန်း ကို ရရှိစေပါတယ်။ ဂွေးသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန် မှန်သွားစေတာ၊အူမကြီးရဲ့ လုပ်ငန်းဆောင် တာကို ကောင်းမွန်စေတာနဲ့ ဝမ်းချုပ်ခြင်း ကင်းစေတာစတဲ့ အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။ အမျှင်ဓာတ်ဟာ အစာ ကြေညက်ခဲတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားပါတယ်။ အမျှင်ဓာတ်ပါဝင် မှုမြင့်မားတဲ့ ဂွေးသီးစား တာကြောင့် ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ ကို လျော့ကျစေနိုင်ပါတယ်။
(၃) ဗီတာမင်စီ ပါဝင်မှု များခြင်း
ဂွေးသီး တစ်ခွက်စာ ပမာဏမှာ ဗီ တာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်း အတာရဲ့ တစ်ဝက်နီးပါး ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာ မင်ဖြစ်ပြီး ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာ တွေအတွက် လိုအပ်ပါတယ်။ ကော်လာ ဂျင်တည်ဆောက်မှုအတွက် လိုအပ်သ လို အနာကျက်စေပါတယ်။ ဗီတာမင်စီ က အရေးကြီးတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာ ကွယ်ပေးကာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ် နိုင်ခြေကို လျော့ကျစေပါတယ်။ ဗီတာ မင်စီဟာ ကိုယ်ခံစွမ်းအားစနစ် ကျန်းမာ ရေးအတွက် အရေးပါသလို ခန္ဓာကိုယ် က သံဓာတ် စုပ်ယူနိုင်အောင်လည်း ကူ ညီပါတယ်။
(၄) သံဓာတ် ပါဝင်မှု များခြင်း
ဂွေးသီးမှာ သံဓာတ်ပါဝင်မှု မြင့်မား ပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် မရှိ မဖြစ် သတ္တုဓာတ်တစ်မျိုးပါ။ ကမ္ဘာပေါ် မှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရော ဂါ အဖြစ်များပါတယ်။ ဂွေးသီး ၁၀ဝ ဂ ရမ်မှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါ ဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိ စေပါတယ်။
(၅) ကယ်လ်စီယမ် ပါဝင်ခြင်း
ဂွေးသီး ၁၀ဝ ဂရမ်မှာ ကယ်လ်စီ ယမ် ၃၂ မီလီဂရမ်ပါဝင်တာကြောင့် တစ် နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ သုံးရာခိုင် နှုန်းကို ရရှိစေပါတယ်။ ကယ်လ်စီယမ် ဟာ အရိုးတွေ ကို သန်စွမ်းကျန်းမာစေတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပုံမှန်ကြွက်သား လုပ်ငန်းတွေနဲ့ နာ့ဗ်သယ်ယူပို့ဆောင်ရေး အတွက် ကယ်လ်စီယမ် အလုံအလောက် မှီဝဲဖို့ လိုအပ်နေပါတယ်။
ကြယ်စင်

မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင်ဘုရားသို့ ပြည်တွင်းမှ လာရောက်ဖူးမြော်သူ နည်းပါးပြီး ပြည်ပအ၀င် တစ်လလျှင် ဦးရေ ၆၀ ခန့်သာရှိ


သဲသီရိကျော် နှင်းဝေေ၀နွယ်
မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင်ဘုရားကို ဖူးမြင်ရစဉ်


မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင်ဘုရားသို့ ပြည်တွင်းမှ လာရောက်ဖူးမြော်သူ နည်းပါးနေသေးပြီး၊ ပြည်ပမှ လာရောက်ဖူးမြော်သူ တစ်လလျှင် အယောက် ၆၀ ခန့်ရှိကြောင်း သိရသည်။

“ဘုရားကြီးကို တည်ထားတာကလည်း သိပ်မကြာသေးဘူး။ တည်ထားတဲ့နေရာကလည်း မြို့လယ်ကောင်လို နေရာမျိုးမဟုတ်တော့ လူသိနည်းတယ်။ ဒါပေမဲ့လည်း ဒီဘုရားက အဓိဋ္ဌာန်ပြုဆုတောင်းရင် အောင်မြင်တယ်လို့ သိထားတဲ့သူတွေကတော့ အမြဲတမ်းလိုလို လာဖူးကြတယ်။ ပြည်ပအ၀င်တွေလည်း ရှိပါတယ်။ ဘုရားကြီးက မင်္ဂလာဒုံလေဆိပ်နဲ့နီးတော့ ပြည်ပဧည့်သည်တွေက လေယာဉ်ပေါ်ကနေ ဘုရားကြီးကို လှမ်းမြင်ရတော့ နောက်ရက်တွေမှာ လာရောက်ဖူးမြော်ကြတာမျိုးလည်း ရှိတယ်။ ဟိုတစ်လောကပဲ စင်ကာပူက အမျိုးသမီးတယောက်က ဒီဘုရားက အဓိဋ္ဌာန်နဲ့ဆုတောင်းရင် ပြည့်တယ်ဆိုလို့ အဓိဋ္ဌာန်ဝင်ပြီး အောင်မြင်သွားလို့ ဘုရားကြီးအတွက် ငွေလာလှူသွားပါတယ်” ဟု ကျိန်သစ္စာရှင်ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါဘုရားသို့ ပြည်ပနိုင်ငံများဖြစ်သည့် ပြင်သစ်၊ ကိုရီးယား၊ သြစတြေးလျ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ အများဆုံး လာရောက်ဖူးမြော်ကြပြီး၊ ပြည်ပဧည့်သည်များ အတွက်လည်း ပြည်တွင်းဘုရားဖူးများနည်းတူ အခမဲ့ လာရောက်လေ့လာခွင့်ပေးထားကြောင်း သိရသည်။

ယင်းမဟာကျိန်သစ္စာရှင် ဘုရားကြီးကို မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်း (ဋ)ရပ်ကွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ဘဒ္ဒန္တကုလရက္ခိတက ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် တည်ထားခဲ့ခြင်းဖြစ်ပြီး၊ အဓိဋ္ဌာန်ပြု ဆုတောင်းပြည့်သည့် ဘုရားတစ်ဆူ ဖြစ်သောကြောင့် ပုံမှန်လာရောက် ဖူးမြော်သူများလည်း ရှိသည်ဟု သိရသည်။

အောင်မင်္ဂလာအဝေးပြေးဝင်း၌ အဝေးပြေးဆိုက်ရောက်ကွင်းကဲ့သို့ ပင်မထွက်ခွာဂိတ် ဆောက်လုပ်ရန် မြေဧက ခြောက်ဧကခန့် လျာထားပြီး လုပ်ကိုင်လိုသူများအား တိုင်းဒေသကြီးအဆင့်ဆင့်မှ စိစစ်ရွေးချယ်သွားမည်



အောင်မင်္ဂလာအဝေးပြေးကားဝင်း ဆိုက်ရောက်ဆောင်ကို တွေ့ရစဉ်


အောင်မင်္ဂလာအဝေးပြေးဝင်း၌ အဝေးပြေးဆိုက်ရောက်ကွင်းကဲ့သို့ ပင်မထွက်ခွာဂိတ် ဆောက်လုပ်ရန် မြေဧကခြောက်ဧကခန့် လျာထားပြီး လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာန အဆင့်ဆင့်မှ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ဌာနခွဲမှူးဦးဇော်မင်း၏ ပြောကြားချက်အရ သိရသည်။

“ပင်မထွက်ခွာဂိတ်ဆောက်ဖို့ အခုလက်ရှိမှာ ကုမ္ပဏီနှစ်ခုကနေ သူတို့လုပ်မယ့် စီမံကိန်း အစီအစဉ်တွေ တင်ပြထားတာရှိတယ်။ ဒီအဝေးပြေးဝင်းထဲမှာ မြန်မာပြည်အနှံ့ ပြေးဆွဲနေတဲ့ ကားလိုင်းပေါင်း ၂ဝဝ ကျော်လောက်ရှိတော့ အဲဒီကားတွေအားလုံးကို တစ်ချိန်တစ်ပြိုင်ထဲမှာ ထွက်နိုင်ဖို့ဆိုတာ သေချာလေ့လာ သုံးသပ်မှုတွေလုပ်ထားဖို့ လိုပါတယ်။ နိုင်ငံတကာနည်းတူ အဆင့်မြင့်တဲ့ရပ်နားကွင်း၊ ထွက်ခွာဂိတ်၊ လက်မှတ်ရုံတွေကို စနစ်တကျ ဆောက်လုပ်ရမှာဖြစ်လို့ ရင်းနှီးမြုပ်နှံမှု ကြီးပါတယ်။ လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေရဲ့ Proposal တွေ၊ Presentation တွေကိုကြည့်ပြီး တိုင်းဒေသကြီး အဆင့်ဆင့်ကနေမှ စိစစ်ပြီး ရွေးချယ်သွားမှာပါ” ဟု ဦးဇော်မင်းကဆိုသည်။

ထိုပင်မထွက်ခွာဂိတ် တည်ဆောက်ရန်မြေနေရာအား အဝေးပြေးဝင်းရှိ ဒနင်းရိုးချောင်းနှင့် ဒနင်းရိုးချောင်း ပတ်လမ်းကြား မြေနေရာအား လျာထားပြီး အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်ရန် ကွင်းအတွင်းရှိ ကားဂိတ်များနှင့် ညှိနှိုင်းဆောက်လုပ် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပင်မထွက်ခွာဂိတ် တည်ဆောက်ပြီးစီးပါက မြန်မာပြည်အနှံ့ ထွက်ခွာမည့် ကားလက်မှတ်များကို တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်ခြင်း၊ ကားခဈေးနှုန်းထားများ မှန်ကန်ခြင်းနှင့် ခရီးသည်များအတွက် လုံခြုံမှုပိုမိုရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ လက်ရှိတွင် အသုံးပြုနေသည့် အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ အဝေးပြေးဆိုက်ရောက်ကားကွင်း (High-Way Bus Arrival) ကို Myint and Paing Co.Ltd နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ BOT စနစ်ဖြင့် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီမှ စတင်ဆောက်လုပ်ခဲ့ပြီး ဩဂုတ်လမှစတင်၍ စမ်းသပ်အသုံးပြုခဲ့ကြောင်း သိရသည်။

တရုတ်၊ ထိုင်း၊အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး တရုတ်နှင့်ကုန်သွယ်မှုမှ ၀င်ငွေအများဆုံးရရှိ


မင်းသီဟဇော်
နယ်စပ်ကုန်သွယ်မှု အများဆုံးပြုလုပ်ခဲ့သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)


မြန်မာနိုင်ငံ၏ အိမ်နီးချင်းလေးနိုင်ငံဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ရရှိခဲ့ပြီး တရုတ်နှင့်ကုန်သွယ်မှုမှ ၀င်ငွေအများဆုံး ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇန်န၀ါရီ ၂၄ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၀၁၁ ဒသမ ၉၄၈ သန်းရရှိခဲ့ကြောင်း သိရသည်။ ရရှိခဲ့သည့် နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်တွင် ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၂၄၄၆ ဒသမ ၄၄၄ သန်း၊ သွင်းကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၅၆၅ ဒသမ ၅၀၄ သန်းပါဝင်ကြောင်း သိရသည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်စခန်းများမှ ကုန်သွယ်ခြင်းဖြစ်ပြီး အိန္ဒိယနှင့်ကုန်သွယ်ရာတွင် တမူး၊ ရိဒ်နယ်စပ်စခန်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ်တွေနှင့် မောင်တောနယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးမှ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အနက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ကုန်သွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှုပြုနိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် နှစ်လခန့်သာလိုတော့သည့်အချိန်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀၄၀၆ ဒသမ ၃၇၈ သန်းသာရှိနေပြီး လျာထားချက် ပြည့်မီရန် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် လိုနေကြောင်း သိရသည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားမှ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးမည်


ရွှန်းလဲ့ဝင်း
အင်ချွန်းကုမ္ပဏီမှ တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲထားသော ဟံသာဝတီလေဆိပ် ပုံစံငယ်အား တွေ့ရစဉ်


ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

“ကိုရီးယားကုမ္ပဏီဘက်က လိုလားချက်တွေက မြန်မာဘက်က မလိုက်လျောနိုင်တဲ့ တောင်းဆိုချက်တွေများတယ်။ ဒါကြောင့်မို့ ကိုရီးယားကုမ္ပဏီနဲ့ ညှိနှိုင်းမှုကို ရပ်လိုက်ပါပြီ။ အပြီးရပ်ဆိုင်းတာ မဟုတ်ပေမယ့် ဒုတိယဦးစားပေး ရွေးချယ်ထားတဲ့ ကုမ္ပဏီနဲ့ ကျွန်တော်တို့ဘက်က လိုလားချက်တွေကို ဆက်လက်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မှ မြန်မာဘက်က လိုလားချက်အတိုင်း လုပ်နိုင်မယ်ဆိုရင်တော့ စင်ကာပူကုမ္ပဏီနဲ့ ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေးကို ဆက်လုပ်သွားမယ်” ဟု မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ် ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporat-ion၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte.ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် လေဆိပ်တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များနှင့် ကွဲလွဲချက်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ကွဲလွဲမှုတွင် အရေးကြီးသည့် အဓိကစည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေပါက လက်ခံမည်မဟုတ်ကြောင်းနှင့် အဓိကမကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘက်မှ ပြောဆိုခဲ့သည်။

တောင်ကိုရီးယားကုမ္ပဏီသည် လေဆိပ်တင်ဒါတင်သွင်းစဉ်က လေဆိပ်တည်ဆောက်ရေး ပထမအဆင့် အနေဖြင့် ဟံသာဝတီလေဆိပ်အား တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ဝင်ဆံ့နိုင်မည့် လေဆိပ်အဆောက်အအုံ တည်ဆောက်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့ညှိနှိုင်းမှုတွင် ခရီးသည် ၁ဝ သန်းဆံ့ အဆောက်အအုံသာ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအချက်သည် အရေးကြီးသည့် အဓိကအချက်ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်မှ လက်ခံခြင်းမရှိဘဲ လေဆိပ်တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းကုမ္ပဏီသည် တင်ဒါတင်သွင်းစဉ်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ဝင်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဒုတိယအဆင့် ခရီးသည် သန်း ၃ဝ ဝင်ဆံ့နိုင်မည့် လေဆိပ်အဆောက်အုံနှင့် ဆက်စပ်အဆောက်အုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက်ပေးမည်ဟု တင်ပြထားသည်။

ယင်းပြင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ်အမျိုးအစားများတွင် အကြီးဆုံးဖြစ်သည့် Air-bus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ၊ လေယာဉ်ဆိုက်ကပ်တံတား ၁၂ ခု၊ ခရီးသည်တင်လေယာဉ် ၃၇ စီး၊ ကုန်တင်လေယာဉ် ရှစ်စီးနှင့် ပြုပြင်ရေးလေယာဉ် ၁၅ စီး စုစုပေါင်းလေယာဉ် အစီး ၆ဝ ရပ်နားနိုင်မည့် လေဆိပ်အဖြစ် တည်ဆောက်ပေးမည်ဟု တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

EMG

၂၀၁၃ ခုနှစ်တွင် အိမ်၊ ခြံ၊ မြေဈေးနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်လည်း ဈေးနှုန်းကျဆင်းဖွယ်မရှိ


သက်ထား၊ အေးမြတ်မွန်

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


၂၀၁၃ ခုနှစ်သည် အိမ်၊ ခြံ၊ မြေဈေးနှုန်း အမြင့်ဆုံးနှစ်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်မူ အိမ်၊ ခြံ၊ မြေဈေးနှုန်း ကျဆင်းနိုင်ဖွယ်မရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုအသင်း၊ အထွေထွေအတွင်းရေးမှူး၊ ၀င်းရွှေဝါ အိမ်၊ ခြံ၊ မြေ၀န်ဆောင်မှုလုပ်ငန်းမှ ဒေါ်မို့မို့အောင်က သုံးသပ်ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း အိမ်၊ ခြံ၊ မြေဈေး အမြင့်ဆုံးရောက်ရှိခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတော်မှ အိမ်၊ ခြံ၊ မြေ အခွန်နှုန်းထားကို ၀၀၃၇ ရာခိုင်နှုန်းသို့ သတ်မှတ်ပြီးနောက် အရောင်းအ၀ယ်များ အေးခဲ့သော်လည်း ဈေးနှုန်းမှာမူ ကျဆင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်၏ အိမ်၊ ခြံ၊ မြေဈေးကွက် အလားအလာသည် ဈေးကွက်ပိုမို အားကောင်းလာမည်ဖြစ်ကြောင်း၊ တိုက်ခန်း၊ ကွန်ဒိုများ ဈေးကွက်ဝယ်လိုအား ပိုကောင်းလာမည်ဖြစ်ကာ ၂၀၁၃ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၅၀ မှ ၇၀ အထိ ဈေးတက်လာမည်ဖြစ်ပြီး ပြည်ပအိမ်ခြံမြေ လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး ကုမ္ပဏီများလည်း ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း အိမ်၊ ခြံ၊ မြေ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိမှသာ ၂၀၁၅ အလွန်တွင် အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ၀န်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်တွင် ဖြစ်ပ်ါလာမည့် အိမ်၊ ခြံ၊ မြေဈေးကွက်နှင့် ပတ်သက်၍ အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မနီနီက “ဈေးနှုန်းက ကျဆင်းဖို့တော့ မရှိပါဘူး။ ဈေးနှုန်းတက်တယ်၊ ကျတယ်ဆိုတာကလည်း ၀ယ်လိုအားပေါ်မှာ မူတည်တာပါ။ အရောင်းအ၀ယ်ဖြစ်တာတို့၊ အငှားဖြစ်တာတို့ကတော့ Customer ရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ဖြစ်နေတာပါ။ လုပ်ငန်းလုပ်ချင်တဲ့ သူတွေက စက်မှုဇုန်ဘက်ကို သွားကြတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေက ကျဆင်းဖို့ မရှိပါဘူး” ဟု ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း ပြဋ္ဌာန်းဖွယ်ရှိသည့် အိမ်၊ ခြံ၊ မြေဆိုင်ရာ အခွန်ဥပဒေကြမ်းတွင် ယခုသတ်မှတ်ထားသော အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ်ခွန် ၃၇ ရာခိုင်နှုန်းအစား ၂၂ ရာခိုင်နှုန်းသို့ လျှော့ချထားသည်ဟု ကြားသိထားကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုအသင်း အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲနှင့် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားထားသည်။

Sunday, February 2, 2014

ခံတွင်းသန့်စင်သည့် ပလုပ်ကျင်း ဆေးရည်များက နှလုံးကို ထိခိုက်စေနိုင်


ဆေးရည်များတွင် ပါရှိသည့် ပိုးသတ်ဆေးများက လူ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အကျိုးပြု ဘက်တီးရီးယားများကိုပါ သေစေတတ်ကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့


ခံတွင်းသန့်စင် ပလုပ်ကျင်း ဆေးရည်များသည် ရေရှည်တွင် နှလုံးကျန်းမာရေးကို ထိခိုက်သည့် ဆိုးကျိုးမျိုး သက်ရောက်စေတတ်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ အဆိုပါ ဆေးရည်များတွင် ပါရှိသည့် ပိုးသတ်ဆေးများက လူ့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အကျိုးပြု ဘက်တီးရီးယားများကိုပါ သေစေတတ်ကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။ ဗြိတိန်နိုင်ငံမှ သုတေသီများက ဈေးကွက်ထဲရှိ ခံတွင်းသန့်စင် ပလုပ်ကျင်း ဆေးရည် အမှတ်တံဆိပ် အများအပြားကို စုဆောင်းလေ့လာပြီး အကျိုးသက်ရောက်မှုများကို စိစစ် မှတ်သားခဲ့ကြသည်။





ယင်းတို့အနက် Corsodyl အမည်ရှိ အမှတ်တံဆိပ်သည် နေ့စဉ်ပျမ်းမျှ (၂)ကြိမ်အထက် သုံးစွဲခြင်းဖြင့် သွေးတိုးလာတတ်သည်ကိုပါ တွေ့ရှိခဲ့ရသည်။ Corsodylသည် ရောဂါပိုးမွှားများကို သေစေပြီး အနာကျက်စေသည့် ဓာတုဆေးဝါးမျိုး အားကောင်းပြင်းပြစွာ ထည့်သွင်းထားသည့် ပလုပ်ကျင်းဆေးရည်ဖြစ်သည်။ ယခုသုတေသန စစ်တမ်းကို ဦးဆောင်သည့် ပရော်ဖက်ဆာ အမ်ရီတာ အော်လူဝါလီရာက Corsodylကဲ့သို့ ပလုပ်ကျင်းဆေးရည်မျိုးသည် အသုံးပြုပြီး နာရီအနည်းငယ်အတွင်း သွေးဖိအားကို သိသိသာသာ မြင့်တက်လာစေတတ်ကြောင်း သတိပေးခဲ့သည်။ "ပြောရမယ်ဆိုရင် နေ့တိုင်းနေ့တိုင်း ပိုးတွေကို သတ်ပစ်နေတယ် ဆိုတာက ကပ်ဘေးတစ်ခုပါပဲ။ ဒီထဲမှာ လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေပါ ပါကုန်ကြတယ်။ ပြီးတော့ ဒီဆေးရည်တွေ အသုံးပြုပြီးချိန်မှာ သွေးတိုးနှုန်း နည်းနည်းတက်လာတာက နှလုံးရောဂါတွေနဲ့ လေဖြတ်မှုတွေ ဖြစ်နိုင်ခြေကို အားပေးအားမြှောက် ဖြစ်စေကြောင်း ထင်ရှားတဲ့ ညွှန်ကိန်းတစ်ခုပါပဲ"ဟု သူမက ပြောဆိုသွားသည်။ သုတေသီများက ကျန်းမာရေး ကောင်းသူ (၁၉)ဦးကို နေ့စဉ်နေ့တိုင်း Corsodyl နှစ်ကြိမ် အသုံးပြုစေပြီး စမ်းသပ်ခဲ့သည်။ ထိုအခါ သွေးပေါင်ချိန်သည် (၂)မှ (၃.၅)ကြား ယူနစ်မျှ တိုးပွားလာသည်ကို တွေ့ရှိ အဖြေထုတ်နိုင်ခဲ့သည်။ သွေးပေါင်ချိန် (၂)ယူနစ် တိုးခြင်းသည် နှလုံးဖောက်ပြန် သေဆုံးနိုင်ခြေကို သာမန်ထက် (၇)ရာခိုင်နှုန်း မြင့်တက်စေသည့် အချိုးအစားဟု သုတေသီများက ယူဆထားသည်။

စာဖတ်နေစဉ် စိတ်ခံစားချက်ကို လှုံ့ဆ်ာပေးနိုင်မည့် ကိရိယာ တီထွင်နေ


မက်ဆာချူးဆက် နည်းပညာဌာန၏ မီဒီယာ သုတေသန စမ်းသပ်ခန်းတွင် လူ့ခန္ဓာကိုယ်၌ တွယ်ဆက်ထားရသည့် စာဖတ်ပစ္စည်းတစ်ခုနှင့် ယင်း၏ လှုံ့ဆော်မှုကို တုံ့ပြန်မည့် စာအုပ်တို့ကို စမ်းသပ်နေပြီ ဖြစ်သည်


အမေရိကန် နိုင်ငံမှ သိပ္ပံပညာရှင်များသည် ရသစာပေများ ဖတ်ရှုချိန်၌ ခန္ဓာကိုယ်၏ တုံ့ပြန်ခံစားမှုကိုပါ လှုံ့ဆော်နိုင်မည့် စာအုပ်မျိုးကို ဖန်တီးတီထွင်နေကြောင်း သိရသည်။ မက်ဆာချူးဆက် နည်းပညာဌာန၏ မီဒီယာ သုတေသန စမ်းသပ်ခန်းတွင် လူ့ခန္ဓာကိုယ်၌ တွယ်ဆက်ထားရသည့် စာဖတ်ပစ္စည်းတစ်ခုနှင့် ယင်း၏ လှုံ့ဆော်မှုကို တုံ့ပြန်မည့် စာအုပ်တို့ကို စမ်းသပ်နေပြီ ဖြစ်သည်။ ထိုသို့ စမ်းသပ်ရာတွင် ဂျိမ်းစ်တစ်ပ်ထရီး ဂျုနီယာ ရေးသားသည့် The Girl Who Was Plugged In စာအုပ်ကို အသုံးပြုလျှက် ရှိသည်။ စာဖတ်သူအနေဖြင့် စာအုပ်ပါ အကြောင်းအရာများ၏ ဖမ်းစားမှုအတိုင်း လိုက်လံခံစားသည့်အခါ ရင်ဘတ်တွင် တွယ်ဆက်ထားသော ကိရိယာက တိကျသည့် တုံ့ပြန်မှုမျိုးဖြင့် အားဖြည့်ပေးမည် ဖြစ်သည်။





ဥပမာအားဖြင့် စာဖတ်သူ စိတ်ထဲတွင် စိတ်လှုပ်ရှားခြင်း၊ ရှက်ခြင်း၊ စိတ်စနိုးစနောင့်ဖြစ်ခြင်းတို့ ခံစားရပါက အပူပေး ကိရိယာ တစ်ခုက ခန္ဓာကိုယ် အပူချိန်ကို ပြောင်းလဲသွားအောင် လှုံ့ဆော်ပေးမည် ဖြစ်သည်။ ယင်းအသိမျိုးကို ဖမ်းယူသိရှိနိုင်ရန်အတွက် အာရုံခံ ကိရိယာများကို တပ်ဆင်ထားပြီး စာအုပ်တွင် ပါရှိသည့် LED မီးလုံးလေးများကလည်း စာဖတ်သူ၏ စိတ်ခံစားချက် တစ်ခုချင်းစီကို ကိုယ်စားပြုကာ အပြောင်းအလဲ ပုံစံအမျိုးမျိုးဖြင့် လင်းလက်နေမည် ဖြစ်သည်။ လတ်တလောတွင် အဆိုပါ တီထွင်မှု အားလုံးသည် စမ်းသပ်အဆင့် ပရောဂျက် အနေဖြင့်သာ ရှိနေဆဲဟု ဆိုသည်။





အကယ်၍ စာဖတ်သူက ကြောက်ရွံ့မှုမျိုး ခံစားရပါက ရင်ဘတ်တွင် စည်းထားသော ကိရိယာက လေအိတ်များကို ဖောင်းကားလာစေပြီး တင်းကျပ်သော ခံစားချက်မျိုး အလိုလို ရရှိလာမည် ဖြစ်သည်။ ဒီပရောဂျက်က စာဖတ်တဲ့ အာရုံခံစားမှုအတွက် အတွေးအမြင်သစ်တွေ ဖန်တီးမှု တစ်ခုပါပဲ။ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း တစ်ခုကို လိုက်စူးစမ်း ရှာဖွေနေရတာမျိုးထက်ကို ပိုတဲ့ အခြေအနေပါ"ဟု သုတေသီ တစ်ဦးဖြစ်သည့် ဖီးလစ်ဟိုင်းဘက်က ပြောကြားခဲ့သည်။ အဆိုပါ ကိရိယာကို တီထွင်နေသည့် ပညာရှင်များက အနုစိတ် ခံစားမှုများကို အသင့်တော်ဆုံး ရွေးချယ်တုံ့ပြန်နိုင်မည့် အာရုံခံ ထိတွေ့မှုမျိုး ဆက်လက်မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း မှတ်ချက်ပြုထားခဲ့ကြသည်။

ဆေးလိပ်သောက်သူများ ဗီတာမင် E ဆေးဝါးများ သတိပြု သုံးစွဲသင့်


ဆေးလိပ်သောက်သူများတွင် ဖြစ်ပေါ်လေ့ရှိသည့် အဆုတ်ကင်ဆာ အစပျိုးနေချိန်တွင် ဗီတာမင်(E) ဖြည့်တင်းပေးပါက ရောဂါပျံ့နှံ့ ဖြစ်တည်မှုကို အရှိန်မြှင့်ပေးလိုက်ကြောင်း သိရသည်


ပုံမှန် ဆေးလိပ်သောက်သူများတွင် ဗီတာမင်(E) ဆေးဝါးများ ဖြည့်တင်းသောက်သုံးခြင်းသည် ကင်ဆာဖြစ်နိုင်ခြေကို ပိုမို မြင့်တက်လာစေကြောင်း သုတေသီများက သတိပေးလိုက်သည်။ သာမန်အားဖြင့် ဗီတာမင် (A)၊ (C)နှင့် (E)တို့တွင် ဖျားနာမှု ပုံသဏ္ဍန် အမျိုးမျိုးကို ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ အသီးသီး ရှိကြပြီး ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း ဆေးလိပ်သောက်သူများတွင် ဖြစ်ပေါ်လေ့ရှိသည့် အဆုတ်ကင်ဆာ အစပျိုးနေချိန်တွင် ဗီတာမင်(E) ဖြည့်တင်းပေးပါက ရောဂါပျံ့နှံ့ ဖြစ်တည်မှုကို အရှိန်မြှင့်ပေးလိုက်ကြောင်း သိရသည်။ ဆွီဒင်နိုင်ငံမှ သုတေသီများသည် ယင်းဖြစ်ရပ်ကို စတင်၍ သတိပြုမိခဲ့ပြီး အနုစိတ် စမ်းသပ်ချက်များ ပြုလုပ်ခဲ့ကြသည်။


ဂိုသင်ဘာ့ဂ် တက္ကသိုလ်မှ သုတေသီများက ကြွက်များကို အဆုတ်ကင်ဆာ အစောပိုင်းအဆင့် ရောဂါပိုးများ ဖြည့်တင်းပေးပြီးနောက် ဗီတာမင်(E)ကို ဖြည့်စွက်ပေးကာ သက်ရောက်မှုကို လေ့လာခဲ့သည်။ ထိုအခါ ဗီတာမင်(E)က အဆုတ်ကင်ဆာ ပျံ့ပွားနှုန်းကို သာမန်အခြေအနေထက် သိသိသာသာ တိုးပွား မြင့်တက်သွားစေကြောင်း တွေ့ရှိရသည်။ ထို့နောက် ယင်းစမ်းသပ်ချက်ကိုပင် လူသားဆဲလ်များတွင် ပြုလုပ်ကြည့်ပြီးနောက် မှန်ကန်ကြောင်း အတည်ပြုချက် ထပ်မံရယူနိုင်ခဲ့သည်။ဗီတာမင်(E)နှင့် အခြားသော Antioxidant ဓာတ်ပစ္စည်း အချို့တို့သည် ဆဲလ်အတွင်း မတည်ငြိမ်သော အခြေအနေ အချို့ကို ဖြစ်ပေါ်စေတတ်ပြီး တစ်သျှူးများကို ထိခိုက်ပျက်စီးစေသည့် သက်ရောက်မှုမျိုးလည်း ဖြစ်ပေါ်တတ်ကြောင်း ပညာရှင်များက ဆိုသည်။


အဆုတ်ကင်ဆာ ဖြစ်ပွားကာစ အခြေအနေများတွင် ဗီတာမင်(E)ကို ဖြည့်စွမ်းလိုက်ပါက ရောဂါအစပျိုးမှုကို တွန်းလှန်နေသည့် ကောင်းမွန်သော တစ်သျှူးများတွင် ထိခိုက်အားနည်းမှုများ ဖြစ်ပေါ်လာပြီး သဘာဝ ကိုယ်ခံစနစ်ကို ကျဆင်းသွားစေကြောင်း သိရသည်။ သုတေသီများက ယခုစစ်တမ်းသည် ဗီတာမင်(E)ကို ကျန်းမာရေးအတွက် အဆိုးဘက်မှ သက်ရောက်စေသည်ဟု စွပ်စွဲနေခြင်း မဟုတ်ဘဲ ဗီတာမင်(E) ဖြည့်တင်းသုံးစွဲရာတွင် သတိရှိရန်သာ အဓိက တိုက်တွန်းခြင်းဟု ပြောကြားခဲ့ကြသည်။

မီယာမီမှ Victoria's Secret ကြော်ငြာရိုက်ကွင်း


ကမ္ဘာ့အလှဆုံး အမျိုးသမီးများအဖြစ် ညွှန်းဆိုခံရသည့် အက်ဒရီယာနာလီမာ၊ အလက်ဇန္ဒရို အမ်ဘရိုစီနီတို့ကဲ့သို့ နာမည်ကျော် မော်ဒယ်လ်များသည် Victoria's Secret၏ ရေကူးဝတ်စုံများနှင့်အတူ ယခုသီတင်းပတ်အတွင်း မီယာမီ ကမ်းခြေတစ်ခု၌ အလုပ်များနေခဲ့သည်
Victoria's Secret ၏စူပါမော်ဒယ်လ်များ ကြော်ငြာဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းသည် မီယာမီကို နတ်မိမယ်များ ကျူးကျော်လာသည့် မြင်ကွင်းမျိုးဟု သတင်းများက တင်စားရေးသားခဲ့ကြသည်။ ကမ္ဘာ့အလှဆုံး အမျိုးသမီးများအဖြစ် ညွှန်းဆိုခံရသည့် အက်ဒရီယာနာလီမာ၊ အလက်ဇန္ဒရို အမ်ဘရိုစီနီတို့ကဲ့သို့ နာမည်ကျော် မော်ဒယ်လ်များသည် Victoria's Secret၏ ရေကူးဝတ်စုံများနှင့်အတူ ယခုသီတင်းပတ်အတွင်း မီယာမီ ကမ်းခြေတစ်ခု၌ အလုပ်များနေခဲ့သည်။ အဆိုပါ ကြော်ငြာအစီအစဉ်ကို ဒါရိုက်တာ မိုက်ကယ်ဘေးက တာဝန်ယူ ရိုက်ကူးရခြင်း ဖြစ်သည်။





အသက်(၄၈)နှစ်ရှိ ဒါရိုက်တာ အနေဖြင့် ၎င်းကို အပ်နှံထားသည့် အလုပ်အပေါ် အလွန်ကျေနပ် နှစ်သက်စွာ အာရုံစိုက်နေမည် ဆိုခြင်းကို အငြင်းပွားဖွယ် မရှိချေ။ အလက်ဇန္ဒရာသည် မီးခိုးပြာရောင် ရေကူးဝတ်စုံနှင့် ရှိနေသည်ကို တွေ့ရသည်။ ကလေး(၂)ဦး၏ မိခင်ဖြစ်သူ အလက်ဇန္ဒရာ အနေဖြင့် သူမ၏ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တက်လာမှုကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းယူ တိုက်ဖျက်ခဲ့ပြီးနောက် ယခုအခါတွင်မူ အလွန်အချိုးအစား ပြေပြစ်သည့် ခန္ဓာကိုယ် အလှကို ပြန်လည် တည်ဆောက်ယူထားနိုင်ပြီ ဖြစ်သည်။





အက်ဒရီယာနာကမူ အပြာနှင့်အဖြူ ရောစပ်ထားသည့် ရေကူးဝတ်စုံဖြင့် ရှိနေပြီး သူမတို့ နှစ်ဦးသည် အခြားမော်ဒယ်လ်များနှင့်အတူ ကမ်းခြေဟိုတယ် တစ်ခုရှိ လေသာဆောင်တွင် ဓာတ်ပုံရိုက်နေကြခြင်း ဖြစ်သည်။ ရိုက်ကွင်းတွင် ဘီဟာတီ ပရင်ဆလူနှင့် လိုင်ယက်စ်ရီဘီရိုတို့ကဲ့သို့ မော်ဒယ်လ်များကိုလည်း တွေ့ရသည်။ Transformers ဒါရိုက်တာ မိုက်ကယ်အနေဖြင့်မူ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ဇာတ်လမ်းများအစား အလှအပ အသားပေး ယခုကြော်ငြာအတွက် စိတ်ကူးဉာဏ် ရွှင်လန်းနေဖွယ်ရှိကြောင်းလည်း စာနယ်ဇင်းများက အရွှမ်းဖောက် ရေးသားခဲ့ကြသည်။

လင်းဇင်းကုန်းသုသာန်ဟောင်းအတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရာမြေနေရာအား ယခုလဆန်းပိုင်းမှစတင်ကာ အမျိုးသားဥယျာဉ်စီမံကိန်းအဖြစ် စတင်လုပ်ဆောင်သွားမည်


ဌေးလှအောင်
လင်းဇင်းကုန်းသုသာန်အား ပြန်လည်တူးဖော်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်


အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်းရပ်၊ လင်းဇင်းကုန်းသုသာန်ဟောင်းအတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရာမြေနေရာအား ယခုလဆန်းပိုင်းမှ စတင်ကာ အမျိုးသားဥယျာဉ်စီမံကိန်း (Historical park) အဖြစ် စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးစီမံကိန်းအဖွဲ့ (မြန်မာ) မှ သိရသည်။

ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးစီမံကိန်းအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး တူးဖော်မှုများပြုလုပ်ခဲ့ရာ ထိုင်းဘုရင်ဟောင်း ကျောက်ဘွားဒေါက်၏ အရိုးအိုးအား မှန်စီရွှေချသပိတ်နှင့်အတူ မတ် ၁၆ ရက်တွင် တွေ့ရှိခဲ့သည်။ ယင်းနှစ်အတွင်း၌ပင် ထိုင်းဘုရင်နှင့် သက်ဆိုင်သည့် အထောက်အထားများနှင့် ကျောင်းတော်ရာနေရာများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြသည်။

“ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးမြေနေရာကို အမျိုးသားဥယျာဉ်စီမံကိန်းလုပ်ငန်းလုပ်ဖို့အတွက် ဒီလဆန်းလောက်မှာပဲ စတင်သွားမှာပါ။ ကျွန်တော်တို့လုပ်ချင်တဲ့ Historical park စီမံကိန်းအတွက် မြေနေရာက အခုဝင်းခတ်ထားတာနဲ့ လုပ်ဆောင်သွားလို့ မရပါဘူး။ မြေဧကလိုအပ်ချက်က ငါးဧက ၀န်းကျင်လောက်မှ လုပ်ဆောင်ဖို့ အဆင်ပြေမှာပါ။အဲဒီလိုမြေဧကရရှိနိုင်ဖို့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ စည်ပင်သာယာရေးဝန်ကြီးဆီကိုပါ တင်ပြထားပါတယ်” ဟု ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးအဖွဲ့ (မြန်မာ) မှ စီမံကိန်းတာဝန်ခံက ပြောဆိုခဲ့သည်။

လင်းဇင်းကုန်းသုသာန်အတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးတွင် နိုင်ငံတကာအဆင့်မီ အမျိုးသားဥယျာဉ်စီမံကိန်းအဖြစ် ထိုင်းဘုရင်နှင့်သက်ဆိုင်သည့် သမိုင်းအထောက်အထားများ၊ ပြတိုက်များနှင့် ပန်းဥယျာဉ်ပုံစံများ၊ မျှော်စင်၊ ထိုင်းဘုန်းတော်ကြီးကျောင်းများ အစရှိသည့် အထိမ်းအမှတ် အဆောက်အအုံများ ထည့်သွင်းဆောက်လုပ်သွားမည် ဖြစ်ကြောင်း ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးစီမံကိန်း (မြန်မာ) ထံမှ သိရသည်။

အဆိုပါ လင်းဇင်းကုန်းသုသာန်မြေနေရာအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်းနှင့် ပန်းဥယျာဉ်များ ပြုလုပ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံ ဘုံဘေစတော့ အိတ်ချိန်းဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် Bank of India မှ မြန်မာနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်မည်


Bank of India ရုံးချုပ်အားတွေ့ရစဉ် (ဓာတ်ပုံ-sprealestate.in)

ချမ်းမြေ့သူ


အိန္ဒိယနိုင်ငံ ဘုံဘေစတော့အိတ်ချိန်း ဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် Bank of India မှ မြန်မာနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် One Stop Services စနစ်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂၉ ရက်တွင် ယာယီဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Bank of India ကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းတွင် ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ကာ ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် ဘုံဘေစတော့ အိတ်ချိန်းဈေးကွက်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ ဥရောပနှင့် အာဖရိကနိုင်ငံများတွင် ဘဏ်ခွဲများဖွင့်လှစ်ကာ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဗြိတိန်နိုင်ငံအပါအ၀င် နိုင်ငံတကာမှ ဘဏ်ကိုယ်စားလှယ်ရုံးခွဲပေါင်း ၃၀ ကျော် လာရောက်ဖွင့်လှစ်ထားပြီးဖြစ်ပြီး ဆက်လက်၍ ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်မှုများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များကြား ဖက်စပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံဘဏ်များ အသင်းဝင်ဘဏ်များမှ သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း နိုင်ငံခြားဘဏ်များမှ သီးသန့်လုပ်ကိုင်ခွင့်ကိုမူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များမှ ဘဏ်ကိုယ်စားလှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက်ကလည်း တောင်ကိုရီးယားအခြေစိုက် The Export-Import Bank of Korea မှ ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရန် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာမှ သိရသည်။

Related Posts Plugin for WordPress, Blogger...