Thursday, October 3, 2013

အီရန်အတွက် ရှင်းလင်းသော အမြင်ရှိကြောင်း အိုဘားမားက နေတန်ယာဟုအား ပြောကြား

 Created on Tuesday, 01 October 2013


အမေရိကန်သမ္မတ အိုဘားမား (ယာ) နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ အိမ်ဖြူတော်၌ စက်တင်ဘာ ၃၀ ရက်က တွေ့ဆုံစဉ် (Photo:AFP)

အီရန်နှင့် ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ရှင်းလင်းသော အမြင်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား စက်တင်ဘာ ၃၀ ရက်တွင် ကတိပြုခဲ့သည်။ အစ္စလာမ္မစ် သမ္မတနိုင်ငံမှ "အပြောချိုချို" အတွက် နေတန်ယာဟုက သတိပေးခဲ့ပြီးနောက် အိုဘားမားက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား အနှစ် ၃၀ ကြာ ဆက်ဆံရေး ဆိုးရွားနေမှုမှ ပြန်လည်ကောင်းမွန်လာမှု လက္ခဏာအဖြစ် အိုဘားမားနှင့် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီတို့ အကြား ပထမဆုံးအကြိမ် သမိုင်းဝင် ဖုန်းဖြင့်ပြောဆိုပြီး ရက်ပိုင်းအတွင်း အိုဘားမားနှင့် နေတန်ယာဟုတို့ အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ နေတန်ယာဟုက အီရန်အပေါ် ပိတ်ဆို့အရေးယူမှု ဆက်လက်ထားရှိသင့်ပြီး လိုအပ်ပါက ပိုမိုခိုင်မာအောင် လုပ်သင့်ကြောင်း သတိပေးခဲ့သည်။ သံတမန် နည်းလမ်းဖြင့် ဖြေရှင်းမည် ဆိုပါက အစ္စရေး အလိုရှိသော တစ်ခုတည်းသော အဖြေမှာ အီရန်၏ စစ်ဖက်ဆိုင်ရာ နျူကလီးယား အစီအစဉ်ကို လုံးဝဖျက်သိမ်းရေး ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ အိုဘားမားက သူ့တွင်ရွေးချယ်စရာ နည်းလမ်းနည်းပါးပြီး အီရန်က သံတမန် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို လက်ခံလာစေရန် စမ်းသပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်သည် အစ္စရေးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပြီး ၎င်း၏ စိတ်ဓာတ်ကို စကားလုံးများဖြင့် မဟုတ်ဘဲ လုပ်ရပ်များဖြင့် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း နေတန်ယာဟုက အိမ်ဖြူတော်၌ လေးနာရီကြာ ရှိနေစဉ်အတွင်း ပြောကြားခဲ့သည်။ အီရန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် လုပ်ဆောင်ခြင်း မရှိကြောင်းကို စကားလုံးများဖြင့် မဟုတ်ဘဲ ခိုင်မာသော ခြေလှမ်းများ၊ လုပ်ရပ်များဖြင့် သက်သေပြသင့်ကြောင်း အိုဘားမားက တိုက်တွန်းခဲ့သည်။ အီရန်နျူကလီးယား ကိစ္စကို သံတမန် နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ချက် ရှိလာသော်လည်း မအောင်မြင်ခဲ့ပါက စစ်ရေးဖြင့် ဖြေရှင်းမည့် နည်းလမ်းကိုလည်း ပယ်ချထားခြင်း မရှိဟု အိုဘားမားက သတိပေးခဲ့သည်။ သံတမန် နည်းလမ်းဖြင့် မအောင်မြင်ပါက အစ္စရေးကလည်း အီရန်ကို တစ်ကိုယ်တော် တိုက်မည်ဟု သတိပေးထားသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...