Thursday, October 3, 2013

တပ်မြေအဖြစ်သိမ်းထားသော မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ အား မူလမြေပိုင်ရှင်များ ပြန်လည်ရရှိရေး လူအင်အား ၆၀၀ ဖြင့် မြို့တော်ခန်းမရှေ့၌ သပိတ်စခန်းဖွင့်တောင်းဆို

 Created on Thursday, 03 October 2013


မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မူလမြေပိုင်ရှင်များက သပိတ်စခန်းဖွင့်၍ တောင်းဆိုကြစဉ်

တပ်ပိုင်မြေအဖြစ် သိမ်းထားသည့် မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား မူလမြေပိုင်ရှင်များက ပြန်လည်ရရှိရေးအတွက်လူအင်အား ၆၀၀ ဖြင့် သပိတ်စခန်းဖွင့်ကာ တောင်းဆိုလျက်ရှိကြောင်း သပိတ်စခန်းဖွင့် တောင်းဆိုနေသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား မူလမြေပိုင်ရှင်များက ပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတွင် အောက်တိုဘာ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့် မှ စတင်ကာ သပိတ်စခန်းဖွင့်၍ တောင်းဆိုလျက်ရှိ ကြောင်း သိရသည်။

''ဒီမြေတွေဟာ ကျွန်မတို့ရဲ့ဘိုးဘွားပိုင် မြေတွေဖြစ်ပါတယ်။ စစ်တပ်က အတင်းအဓမ္မ သိမ်းသွားတာဖြစ်ပါတယ်။ ဒီမြေကို ပြန်ရဖို့ ဆန္ဒပြတောင်းဆိုတာ ခုနစ်ကြိမ်ကျော်ရှိပါပြီ။သက်ဆိုင်ရာက တစ်စုံတစ်ရာ လာရောက်ဖြေရှင်းပေးမှု မရှိဘူး။ ကျေနပ်လောက်တဲ့ ဖြေ ရှင်းပေးမှု မရှိရင်တော့ သပိတ်စခန်းဆက်ဖွင့်ပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ရဲတွေကလည်း လာရောက်တားဆီးတာတွေ ရှိပါတယ်။ ညှိနှိုင်းပေးမယ်လို့ ပါးစပ်ကပဲပြောနေတယ်။ တရားဝင်စာရွက်စာတမ်းတွေနဲ့လုပ်တာ ဘာတစ်ခုမှမရှိဘူး။ ပြန်မရမချင်းတောင်း ဆိုသွားမှာဖြစ်ပါတယ်'' ဟု သပိတ်စခန်းဖွင့် တောင်းဆိုသူများထဲတွင်ပါဝင်သူ မနေနွယ်သန်းက ပြောကြားသည်။

မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မှ မူလ မြေပိုင်ရှင်များသည် စစ်တပ်ကအတင်းအဓမ္မ သိမ်းထားသည့် မြေကွက်များ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ၏ ခွင့်ပြုချက်နှင့် အညီ (၇) ကြိမ်မြောက် ဆန္ဒပြခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်စုံတစ်ရာ ညှိနှိုင်းဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေသူများက ပြောကြားသည်။

အဆိုပါ မိကျောင်းကန်မြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေမှုအားဖြေရှင်းရန် သင်္ဃန်းကျွန်း မြို့မိ၊ မြို့ဖများနှင့် သင်္ဃန်းကျွန်းမြို့နယ်ရဲမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါမိကျောင်းကန်မြေပေါ်တွင် ၁၉၁၇ ခုနှစ်မှစပြီး ဆန္ဒပြသူများနှင့် ဆန္ဒပြသူများ၏ ဘိုးဘွားများက နိုင်ငံတော်အား အခွန်ပေးဆောင်ကာ နေထိုင်ခဲ့ကြောင်းသိရပြီး တပ်မတော်မှ တပ်ပိုင်မြေအဖြစ် ၁၉၉၁ ခုနှစ်တွင် သိမ်းယူသွားခဲ့ကြောင်း သပိတ်စခန်းဖွင့်သူ များ၏ ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ကို သက်ဆိုင်ရာရဲတွေက ည ၇နာရီအထိ ခွင့်ပြုမယ်လို့ ပြောတယ်။ ည ၇ နာရီကျော်ရင် သပိတ်စခန်းသိမ်းဖို့ ပြောတယ်။ ကျွန်တော်တို့ကတော့ မတရားအသိမ်းခံနေရတဲ့ မြေကိစ္စတွေကို ဖြေရှင်းမပေးဘူးဆိုရင် ဆက်ပြီး သပိတ်စခန်းဖွင့်သွား မှာ ဖြစ်တယ်'' ဟု သပိတ်စခန်းဖွင့်ကာ တောင်းဆိုရာတွင် ပါဝင်သူ ဦးစိန်သန်းက ပြောကြားသည်။

ကျာက်တံတားမြို့မရဲစခန်းမှ ဒုရဲမှူး မျိုးမြင့်ကြိုင်က ''သူတို့ကို အထဲမှာ ညှိနှိုင်းဖို့ ခေါ်တယ်။ သူတို့ဘက်က လက်မခံဘူး။ ဒီကိစ္စကို ည ၇ နာရီအထိ ခွင့်ပြုထားတယ်ဆိုတာကို ကျွန်တော်မသိသေးပါဘူး'' ဟု ပြောကြားသည်။

ထို့နောက်ညနေ ၅ နာရီခန့်တွင် ရန်ကုန်မြို့တော်ခန်းမအတွင်း၌ သပိတ်စခန်းဖွင့်သူများထဲမှ ကိုယ်စားလှယ် ၁၀ ဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ညှိနှိုင်းဆွေးနွေးရန်အတွက် ဖိတ်ခေါ်ခဲ့ပြီး မီဒီယာများကို ၀င်ရောက်ခွင့်မပေးခဲ့ဘဲ သီးသန့် ဆွေးနွေးခဲ့သည်။

ယင်းသို့ ဆွေးနွေးညှိနှိုင်းသော ကိုယ်စားလှယ် ၁၀ ဦးသည် ညနေ ၆ နာရီခန့်တွင် သပိတ်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေကြောင်း ကိုယ်စားလှယ်များက ဆိုသည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...