Thursday, October 3, 2013

ဆီးရီးယား အိမ်နီးချင်း နိုင်ငံများက ဒုက္ခသည်များအတွက် အကူအညီပေးရန် တောင်းဆို


  Created on Tuesday, 01 October 2013


ဆီးရီးယားတောင်ပိုင်း ဒါရာမြို့ အပြင်ဘက်တွင် ယာမုတပ်မမှ သူပုန်တိုက်ခိုက်ရေး သမားများကို စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (Photo:AFP)

ဆီးရီးယား အိမ်နီးချင်း နိုင်ငံများက ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိသော ဆီးရီးယားနိုင်ငံမှ အဆက်မပြတ် ၀င်ရောက်နေသော ဒုက္ခသည်များအတွက် နိုင်ငံတကာ ထောက်ပံ့ကူညီမှုများ ပိုမိုပေးအပ်ကြရန် စက်တင်ဘာ ၃၀ ရက်တွင် တောင်းဆိုလိုက်သည်။ ဆီးရီးယား အိမ်နီးချင်း နိုင်ငံများက ဆီးရီးယား ဒုက္ခသည်များ၏ ၀န်ထုပ်ဝန်ပိုးကြောင့် ၎င်းတို့၏ ဒေသတွင်း တစ်ခုလုံး မတည်မငြိမ် ဖြစ်လာနိုင်ကြောင်းလည်း သတိပေးလိုက်သည်။ "ကျွန်တော်တို့က ၀ိုင်းဝန်းတာဝန်ယူကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တောင်းဆိုထားပါတယ်" ဟု လက်ဘနွန် လူမှုရေးရာဝန်ကြီး ဝေအဘူဖာအာက ဂျီနီဗာမြို့၌ သံတမန်များအား ပြောကြားခဲ့သည်။ သူက ဒေသတွင်း ပြင်ပမှ နိုင်ငံများ အနေဖြင့် ဆီးရီးယား ဒုက္ခသည်များအပေါ် ထောက်ပံ့ကူညီမှု နည်းပါးလွန်းခြင်း အပေါ်လည်း ပြစ်တင်ဝေဖန်ခဲ့သည်။

လက်ဘနွန် ၀န်ကြီးသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ အထူးအစည်းအဝေးတွင် ဂျော်ဒန်၊ တူရကီနှင့် အီရတ်တို့မှ နိုင်ငံခြားရေး ၀န်ကြီးများနှင့်အတူ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၀၀,၀၀၀ သေဆုံးခဲ့ပြီး လူပေါင်း ၂ ဒသမ ၁ သန်းကျော်သည် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခဲ့ကြရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယိုဂူတားရက်စ်က "အိမ်ရှင်နိုင်ငံတွေရဲ့ လူ့အဖွဲ့အစည်း၊ စီးပွားရေးနှင့် ဆက်ဆံရေးတွေအတွင်း ဒုက္ခသည်တွေ အဆက်မပြတ် ၀င်ရောက်လာတာရဲ့ ရိုက်ခတ်ချက်က အလွန်ကြီးမားပါတယ်" ဟု သတိပေးခဲ့သည်။ သူက ဒုက္ခသည်များ အဆက်မပြတ် ၀င်ရောက်လာမှုကြောင့် အိမ်ရှင်နိုင်ငံများတွင် အသက်အရွယ် အုပ်စုအလိုက် အချိုးအစား အကြီးအကျယ် ပြောင်းလဲမှုများလည်း ဖြစ်ပေါ်စေပြီး ယင်းကလူမှုရေးနှင့် စီးပွားရေး သဟဇာတ ဖြစ်မှုအပေါ် အကြီးအကျယ် မငြိမ်မသက် ဖြစ်စေကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ကြောင့် သူက ဆီးရီးယား၏ အိမ်နီးချင်း နိုင်ငံများအား ကမ္ဘာ့နိုင်ငံများက ၀ိုင်းဝန်းကူညီကြရန် ပန်ကြားလိုက်သည်။

ဆီးရီးယား၏ အိမ်နီးချင်း နိုင်ငံများသည် တိုက်ရိုက်ငွေကြေး ထောက်ပံမှုအပြင် ရေရှည်ဖွံ့ဖြိုးမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ကူညီရန် လိုအပ်သကဲ့သို့ ဒေသတွင်း မဟုတ်သည့် နိုင်ငံများကလည်း ဆီးရီးယား ဒုက္ခသည် အချို့ကို လက်ခံရန် လိုအပ်ကြောင်း ဂူတားရက်စ်က ပြောကြားခဲ့သည်။ ဆီးရီးယား၏ အနေအထားသည် လွန်စွာဆိုးရွား နေသောကြောင့် နိုင်ငံတကာ အနေဖြင့် လူသားချင်း စာနာထောက်ထားသော အရေးပေါ် အကူအညီများ ပေးအပ်ကြရန် လိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...