Monday, September 2, 2013

မြန်မာ့နွေဦး နှင့် စကားတစ်ခွန်း


နိဒါန်း
-------
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးကား ထက်ဝက်ကျိုးလာခဲ့ပါပြီ။ ဒီမိုကရေစီ၏ အရွေ့ မည်ရွေ့မည်မျှ ခရီး ပေါက်ခဲ့ပြီကိုလည်း သိမြင်နေကြရပါပြီ။ သမိုင်းတွင်ရစ်မည့် အပြောင်းအလဲများနှင့်အတူ သင်ခန်းစာ များလည်း ကျန်ရစ်ခဲ့ပါပြီ။ နိုင်ငံတော်သမ္မတကြီး ကတိသစ္စာကျိန်ဆိုပြီး ပထမဦးဆုံး ပြောကြားခဲ့သော ရာထူးလက်ခံမိန့်ခွန်းကို ယခုအချိန်တွင် ပြန်လည်သုံးသပ်ကြည့်လျှင် မိမိတို့ မြန်မာနိုင်ငံ မည်မျှအထိ ခြေလှမ်းများ လျှောက်လှမ်းခဲ့သည်ကို အကြမ်းဖျင်းအားဖြင့် မှန်းဆကြည့်နိုင်ပေလိမ့်မည်။ ရှေ့လာမည့် လပေါင်း(၃၀)တွင် ဆက်လက် လျှောက်လှမ်းရမည့် ခြေလှမ်းများသည်လည်း ဆက်လက်ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးဥတုပတ်ဝန်းကျင်နှင့် တိုက်ရိုက် ဆက်စပ်နေပါလိမ့်မည်။ မည်သို့ပင်ဆိုစေ ဖြတ်သန်းခဲ့ပြီး သော လပေါင်း(၃၀)နှင့် ဆက်လက်ဖြတ်သန်းရမည့် လပေါင်း(၃၀)တို့၏ သွင်ပြင်လက္ခဏာများ၊ သဘော သဘာဝများသည်ကား တူညီနိုင်တော့မည် မဟုတ်ပေ။

နိုင်ငံ့အရေးနှင့် နိုင်ငံရေး
--------------------------
"နိုင်ငံရေးသမားတို့သည် နောင်လာမည့် ရွေးကောက်ပွဲကိုသာကြည့်ပြီး နိုင်ငံပြုခေါင်းဆောင်များမှာ နောက်မျိုးဆက်များကို ကြည့်သည်" ဟူသော ဂျိမ်းဖရီးမင်းကလပ်၏ စကားသည် ယနေ့အချိန်အထိ နိုင်ငံရေး နယ်ပယ်တွင် မှန်ကန်နေဆဲ ဖြစ်သည်။ ပထမဦးစွာ ယနေ့နိုင်ငံ့ ခေါင်းဆောင်များ၏ လုပ် ဆောင်ချက်မှန်သမျှသည် အနာဂတ်မျိုးဆက်သစ်များ အတွက် သမိုင်းပုံရိပ်များ ဖြစ်လာကြမည် ဖြစ်သလို ယနေ့ဒီမိုကရေစီ၏ အစကောင်းမှုသည် မြန်မာ့ဒီမိုကရေစီခရီးရှည်ကြီး အနှောင်း သေချာမှုကို ပုံဖော်ပေး မည် ဖြစ်သည်။ ယခုနောက်ဆုံး ပြည်သူ့လွှတ်တော်တွင် ဖြစ်ပွားခဲ့သော ဆွေးနွေး ငြင်းခုံမှုများသည် ဒီမိုကရေစီအင်္ဂါရပ်ဖြစ်သော Agree to Disagree ကို မြင်တွေ့ရခြင်း ဟု မှတ်ယူနိုင်သော်လည်း Conflict of Interest အသွင် မဆောင်စေရန်လည်း နိုင်ငံပြုခေါင်းဆောင်များ၏ အမြော်အမြင်နှင့် သန်း(၆၀)ကို မျက်နှာမူမှုတို့က အဓိကကျနေမည် ဖြစ်သည်။

နိုင်ငံရေးသမားတို့ သမိုင်းအဆက်ဆက် ထားရှိအပ်သော နိုင်ငံရေးပဋိဥာဉ်မှာ သန်း(၆၀)သာ ဖြစ် သလို မဏ္ဍိုင်ကြီးများ မျက်နှာမူရာအရပ်သည်လည်း သန်း(၆၀)သာ ဖြစ်ရပါမည်။ နိုင်ငံသားတို့သည် နိုင်ငံ တော်၏ ထိန်းကျောင်းတွန်းအားပေးမှုဖြင့် ပန်းတိုင်သို့ ချီတက်ရသည် ဖြစ်ရာ နိုင်ငံတော်နှင့်နိုင်ငံသားတို့ သည် တူညီသော ပန်းတိုင်သို့ လျှောက်လှမ်းနေကြခြင်းသာ ဖြစ်သည်။ မဏ္ဍိုင်ကြီးများလည်း ပန်းတိုင် ရောက်စေ၊ နိုင်ငံသားများလည်း ပန်းတိုင်ရောက်စေသောနိုင်ငံရေးသည် နိုင်ငံ့အရေးပင် ဖြစ်သလို နိုင်ငံရေး သမားများရော နိုင်ငံပြုခေါင်းဆောင်များပါ ကျင့်သုံးသင့်သော နိုင်ငံရေးသည်လည်း နိုင်ငံ့အရေးပင် ဖြစ်ရ ပေမည်။

ပုဂ္ဂိုလ်အရင်းပြုနိုင်ငံရေးနှင့် မဏ္ဍိုင်အခြေပြုနိုင်ငံရေးတို့ကို ကွဲကွဲပြားပြား သိမြင်မှသာ ရေရှည် တည်တံ့သော မဏ္ဍိုင်အခြေပြုနိုင်ငံရေး ခိုင်မာစေမည် ဖြစ်သည်။ ဆိုရလျှင် ယနေ့ မြန်မာ့နွေဦး(၂)နှစ်ခွဲ တွင် ထွက်ပေါ်လာခဲ့သော ရလာဒ်များသည် လက်ရှိနိုင်ငံရေးခေါင်းဆောင်များ၏ ပုဂ္ဂိုလ်တစ်ဦးချင်း စိတ်ရင်း စေတနာတို့ကြောင့် ထွက်ပေါ်ခဲ့ခြင်းသာ ဖြစ်ပြီး အင်စတီကျူးရှင်း ဟု ခေါ်ဆိုအပ်သော မဏ္ဍိုင် များ၏ ခိုင်မာအားကောင်းမှုကြောင့် ထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မလွဲမသွေ တွေ့ကြုံရလေ့ရှိသော နိုင်ငံရေးအင်နားရှားများ၏ အရှိန်အဟုန်သည် သန်း(၆၀)၏ မျက်မှောက် ဘဝကို ပြဌာန်းနေသည် ဖြစ်၍ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို မိုးလား တိမ်လား ဒွိဟပွားနေစရာ မလိုဟု ယူဆမိသည်။

မြန်မာ့နွေဦး (၂)နှစ် ခွဲသော် -
--------------------------------
သက်တမ်းအားဖြင့် (၂)နှစ်ခွဲပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နွေဦးသည် သန်း(၆၀)အတွက် မည်မျှ မြင့်မြင့်မားမား ပေးဆပ်ခဲ့ပါသနည်း။ ပထမဦးဆုံး ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့သည့် အောင်မြင်မှုမှာ မြန်မာ့ဂုဏ်သိက္ခာ ဖြစ်ပေလိမ့်မည်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအကြား အထင်သေး အမြင် သေး မျက်ဝန်းများ၏ အရောင်များ ပြောင်းလဲခဲ့ပြီ ဖြစ်သလို အထီးကျန်၊ လူဆိုး စာရင်းဝင် မြန်မာနိုင်ငံ သည် ဒီမိုကရေစီ နိုင်ငံတကာအလယ်တွင် သတိပြုစောင့်ကြည့်အပ်သော ဒီမိုကရေစီပုံရိပ်တစ်ခု အဖြစ် ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့ပါပြီ။ အလားတူ ပိတ်ဆို့ဒဏ်ခတ်မှုများ၏ အမှောင်တိုက်မှ ရုန်းထွက်ကာ မှိန်ပျပျအလင်းရောင်တို့ကိုလည်း မြင်တွေ့နိုင်ခဲ့ပါပြီ။ တစ်ချိန်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်းများစွာကို ပြန်လည်တမ်းတခဲ့ကြသော မြန်မာပြည်သူတို့၏ ဇာတိပုညဂုဏ်မာနများသည်လည်း အသစ်တစ်ဖန် နိုးထ ရှင်သန်လာခဲ့ပြီ ဖြစ်သည်။ အာရပ်နွေဦး၏ အနိဌာရုံများအကြားတွင် မြန်မာ့နွေဦးမှာ သိက္ခာရှိရှိ တင့်တင် တယ်တယ် ထည်ဝါနိုင်ခဲ့သည်။ နောက်ပြန်လှည့်နိုး နောက်ကြောင်းပြန်နိုးနှင့် ရင်တထိတ်ထိတ်စောင့်ကြည့် ခဲ့ရသော အရှေ့တောင်အာရှနိုင်ငံကလေးသည် ဒီကနေ့ ဒီအချိန်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် မိမိတို့၏ မြန်မာ့နွေဦးသည် ပြစ်မျိုး မှဲ့မထင် သဲလဲစင်သည့် အနေအထားတော့ မဟုတ်ခဲ့ ပါလေ။ ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းရေးဖြစ်စဉ်တိုင်းတွင် ကြုံတွေရလေ့ရှိသော အမျိုးသားရေး နိုးကြားမှု Social Mobilization သည် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ကြွယ်ဝစုံလင်သော မြန်မာ့နွေဦး အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့ရသည်။ နွေဦး၏ ပုရစ်ဖူးတို့ သွေးအလူးလူး မီးခိုးတလူလူ ဖြစ်စေခဲ့သော အမျိုးသားရေးနိုးကြားမှုသည် နိုင်ငံပြုခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များ၏ ဥာဏ်အမြော် အမြင်ဖြင့် မင်ဒဲလားနေ့ရက်ကို ကျော်ဖြတ်ရတော့မည် ဖြစ်သည်။

မာတင်လူသာကင်း မက်ခဲ့သော အိပ်မက်သည် ယနေ့ သမ္မတအိုဘားမား အိမ်ဖြူတော်စိုးစံခြင်းဖြင့် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ် သလို ကေသုံးလုံး မရှိသော မြန်မာ့ယဉ်ကျေးမှု ပဒေသာစုံမှုကြောင့်လည်း ကိုးကွယ်ယုံကြည်မှုတို့ကို စည်း မှသည် တံတိုင်းများအဖြစ်သို့ ရောက်ရှိနိုင်စေမည် မဟုတ်ပေ။ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံသား ဖြစ်တည်မှုတို့၏ အဆက်အစပ်ကို နိုင်ငံသားများကိုယ်တိုင် သိမြင်နားလည် ယုံကြည်ခံယူမှသာ မြန်မာ ဟူသော အမှတ် သင်္ကေတကို One Nation, One Myanmar အဖြစ် စုစည်းနိုင်မည် ဖြစ်သည်။

မဏ္ဍိုင်အခြေပြုနိုင်ငံရေး
-------------------------- ယနေ့ ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံရေးခေါင်းဆောင်များကြောင့် ဖြစ်ပေါ်လာခဲ့သော အရွေ့ များ ဖြစ်သလို ယနေ့ကြုံတွေ့နေရသည် တိုးတိုက်မှုများသည်လည်း နိုင်ငံရေးခေါင်းဆောင်များ၏ အဇ္ဈတ္တ၊ ဂုဏ်မာန နှင့် အကျိုးစီးပွားတို့ကို အခြေခံနေကြောင်း တွေ့ရှိရသည်။ အီဂျစ်မှ မော်စီ၊ ဗိုလ်ချုပ်ကြီးစီစီတို့ သည် အာရပ်နွေဦး၏ ဒဏ်ရာဒဏ်ချက်များကို ဖော်ပြနေသည်။ ဂုဏ်ယူဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော မြန်မာ့နွေဦးကို မြန်မာ့ဟန်ပန် မြန်မာဆန်ဆန်ဖြင့် ဆက်လက်တောက်ပနေစေလိုသည်။ လူပုဂ္ဂိုလ်များကို ဖယ်ခွါချ၍ အင်စတီကျူးရှင်းကို အခြေခံသော မဏ္ဍိုင်အခြေပြုနိုင်ငံရေးရှုထောင့်ဖြင့် ခွဲခြားလေ့လာကြည့် ပါလျှင် ဖဆပလခေတ်မှသည် မျက်မှောက်ခေတ်အထိ တိုးတိုက်မှုများ၏ ဇစ်မြစ်များကို တွေ့မြင်လာပေ လိမ့်မည်။ လက်တွေ့ကျ၍ အလုပ်ဖြစ်သော မဟာဗျူဟာသဘော ဟူသည် နိုင်ငံရေးနှင့်တူသောနိုင်ငံရေး၊ တစ်နည်းအားဖြင့် မဏ္ဍိုင်အခြေပြုပူးပေါင်းဆက်ဆံမှုသာ ဖြစ်သည်။

မဏ္ဍိုင်အခြေပြုနိုင်ငံရေးဟူသည် လူပုဂ္ဂိုလ်ကို အခြေခံခြင်း မဟုတ်ဘဲ သင်းပင်းစည်းမျဉ်းမူဘောင် ဟူသော အင်စတီကျူးရှင်းများ အားကောင်းခိုင်မာစေရန် ဆောင်ရွက်ပြီး နိုင်ငံတည်ဆောက်ခြင်းပင် ဖြစ် သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခြေခံအုတ်မြစ်မဏ္ဍိုင်ကြီး ဖြစ်ပြီး ယင်းမဏ္ဍိုင်တွင် ပြဌာန်းထား သော မူဘောင်များနှင့်အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော မဏ္ဍိုင်ကြီးများကို ဖွဲ့ စည်းရခြင်း ဖြစ်သည်။ အလားတူ မီဒီယာ၊ ပြည်သူ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ဟူသော မဏ္ဍိုင်ကြီးများ ကိုလည်း ကွန်စတီကျူးရှင်းပါ အခွင့်အရေးများနှင့်အညီ သီးခြားထူထောင်ဖွဲ့စည်းရသည်။ ထိုမှထိုမှ ခွဲဖြာ လာခဲ့ကြသော အင်စတီကျူးရှင်းများသည် ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းရေးကို လက်တွေ့ဖော်ဆောင် ပေးနေကြရသလို ရေရှည်တည်တံ့စေအောင်လည်း တည်ဆောက်ယူကြရသည်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းတို့သည် အင်စတီကျူးရှင်းတို့ကို ထိန်းကျောင်းခြင်းပြုကြရ သည်။

မဏ္ဍိုင်ဟု ခေါ်တွင်သော အင်စတီကျူးရှင်းများ အားကောင်းခိုင်မာလာပြီ ဆိုလျှင် ယင်းမဏ္ဍိုင်များ က ကိုယ့်အလုပ်ကိုယ် လုပ်နေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်သည်။ နိုင်ငံတော်၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဈေးကွက်ယန္တရား သူ့သဘောသူဆောင်ပြီး သူ့အလုပ်သူလုပ်နေခြင်း၊ စစ်သား၊ ကျောင်းသား၊ ဘုရားသား(သံဃာများ) သူ့အလုပ်သူလူပ်နေခြင်းသည် အင်စတီကျူးရှင်းခိုင်မာအားကောင်းမှုနှင့် အဓိက ဆက်စပ်နေသလို ဖွံ့ဖြိုးရေးအဆောက်အအုံတို့အပေါ်တွင်လည်း မူတည်နေသည်။ ကိုယ့်အလုပ်ကို မလုပ်ဘဲ ဖြစ်နေခြင်း (ဥပမာ-ကျောင်းသားများ နိုင်ငံရေးလုပ်ကြရသည့် အတိတ်ကာလအခြေအနေများ) သည် နိုင်ငံတည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေသလို လွဲမှားနေသော စနစ်ကို ဖော်ပြနေသည်။ ထိုသို့ မဏ္ဍိုင်အရပ်ရပ် ကိုယ့်အလုပ်ကို လုပ်နိုင်စေရန်အတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေး ခေါင်း ဆောင်များအပေါ် အမှီပြုနေသော တစ်ဦးချင်းဝါဒ Individualism များကို လျှော့ချ၍ မဏ္ဍိုင်အခြေပြုဝါဒ Institutionalism ကို ဖော်ဆောင်နိုင်ရန် လိုအပ်ပြီး မဏ္ဍိုင်အခြေပြုနိုင်ငံရေး ထွန်းကားစေရေးသည် လတ် တလော လိုအပ်နေသော နိုင်ငံ တည်ဆောက်ရေးပင် ဖြစ်သည်။

တစ်ဖန် လက်ရှိမဏ္ဍိုင်ကြီးများ ရင့်ကျက်တည်ငြိမ်ပြီး စေ့စပ်ညှိနှိုင်းမှုအတတ်ပညာ The Art of Engagement ကို ရှေ့ရှုမှသာ ရင့်ကျက် တည်ငြိမ်သော နိုင်ငံရေးရာသီဥတုကို ဖန်တီးနိုင်မည် ဖြစ်သည်။ ယူစရာ ပြည့်နှက်နေသော သင်ခန်းစာများသည် မိမိအရပ်တွင် ရှိနေရုံသာမက နိုင်ငံတကာနယ်ပယ်တွင် လည်း ရှစ်ခွင်တိုင်း မှုန်ရီမှိုင်းပြနေပြီ ဖြစ်သည်။ လူသားတို့ကြောင့်ဖြစ်ရသော ပြဿနာများ၊ စိန်ခေါ်မှုများ ကို လူသားတို့ကပင် ဖြေရှင်းနိုင်ရမည် ဖြစ်သည်။ ဤသို့ ဖြေရှင်းရာတွင် လူအခြေပြု စဉ်းစားခြင်းထက် အင်စတီကျူးရှင်းအခြေပြု စဉ်းစားခြင်းက သူနိုင်-ကိုယ်နိုင် ချိန်ခွင်လျှာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ အနိုင်-အရှုံး လောင်းကြေးထပ်ခြင်း မဟုတ်ရသော နိုင်ငံတည်ဆောက်ရေးသည် နိုင်ငံရေးသမားတို့၏ ပေါက်သူ၊ ကွဲသူ ခံစားမှုများကြောင့် စတေးပေးဆပ်ရလျှင် တရားမျှတမည်မဟုတ်ပါ။

သန်း(၆၀)သည် ဆင်းရဲနွမ်းပါးနေဆဲ၊ လယ်သမားများသည် အကြွေးနှင့် ရုန်းကန်နေရဆဲ၊ မြန်မာ့ကျေးလက်ဒေသများသည် မီးမရှိ၊ ရေမရှိ အတိကြုံတွေ့နေရဆဲ၊ ကလေးငယ်များ ကင်ဆာဖြစ်နှုန်းမြင့်မားလာဆဲ၊ပြည်သူ့အခွင့်အရေး များ လိုအပ်နေကြဆဲ၊ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနေရဆဲ၊ မြန်မာ့စီးပွားရေး ဦးမော့ရန်ကြိုးစားနေဆဲ၊ မြန်မာ့နေရာမှန် ပြန်လည်ရယူရန် အလှမ်းကွာနေဆဲ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်တိုင်း၏ နှုတ်ဖျား တွင် တဖွဖွ ထည့်သွင်း ရွတ်ဆိုခြင်းခံနေရသော သန်း(၆၀)သည် မပြောင်းမလဲ ရုန်းကန်နေရဆဲ ဖြစ်သည်။

သန်း(၆၀)ဘက် လှည့်ကြည့်ကြပါ
-------------------------------------
မဏ္ဍိုင်ကြီးများက အပြိုင်းအရိုင်း အင်အား ကြီးမားအောင် တည်ဆောက်နေကြသည်။ သန်း(၆၀) ကား အနှိမ်ခံ မျက်နှာမွဲများ ဖြစ်နေဆဲ ဖြစ်သည်။ နိုင်ငံရေးအင်နားရှားကြောင့် ဖြစ်ပေါ်လာရသော နိုင်ငံရေး တိုးတိုက်မှုများသည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ဖြစ်သည်။ ဤသည်ပင် မြန်မာ့နိုင်ငံရေး ဓလေ့ ဖြစ်ခဲ့သော်လည်း မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သော နိုင်ငံရေး ခန္တီပါရမီတို့နှင့် ပြည့်စုံသော နိုင်ငံရေးယဉ်ကျေးမှုအသစ် တစ်ရပ် အစပြုနိုင်ခဲ့ပြီ ဟု ဆိုကြပါသော် လည်း သန်း(၆၀)ကား မြေဇာပင် ဖြစ်နေဆဲပင်။ နွေဦးကို ခြိမ်းခြောက်နေသော အနောက်တောင်ဘက် အရပ်ဆီမှ ညိုနေသည့်မိုးရိပ်များ ကင်းဝေးစေချင်သလို နွေဦးကို အကျည်းတန်စေမည့် လေပွေ လေရိုင်း များနှင့်လည်း ကင်းပြတ်စေလိုသည်။

တစ်ခုသော နိုင်ငံရေးအကျပ်အတည်း အခိုက်အတန့်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရခြင်း အတွက် နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သော စကားတစ်ခွန်း ရှိသည်။ ထိုစကား ဖြစ်ပေါ်ခဲ့ရသော အကြောင်းရင်းနောက်ခံ၊ အကျိုး ရလာဒ်များကို ကိုယ်တိုင်ကိုယ်ကျ သိမြင်နားလည်ခဲ့ရခြင်းကြောင့်လည်း Moral Authority ဟူသော အနက်အဓိပ္ပါယ်ကို သဘောပေါက်လာခဲ့ရခြင်း ဖြစ်သည်။

“ဒို့နိုင်ငံက အခုမှ နိုင်ငံတကာက လက်ခံလာကာစ၊ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာကာစပဲ ရှိသေးတယ်။ ဒီနိုင်ငံ၊ ဒီပြည်ထောင်စု မပြုကွဲဖို့၊ ဒို့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဒီမိုကရေစီနောက်ပြန်မလှည့်ဖို့ ငါ့မှာ အဓိကတာဝန် ရှိတယ်။ ငါက အခြေခံဥပဒေကိုင်ပြီး ကျမ်းကျိမ် ထားရတာ။ နိုင်ငံသားတွေရဲ့ သစ္စာကို ခံထားရတာ။ အခုလို အခြေအနေကောင်းတွေ ဖြစ်နေတာတွေကို အလဟဿ မဖြစ်စေရဘူး” ဟူသော စကား ဖြစ်သည်။

ထိုစကားကို ကြိမ်ဖန်များစွာ ပြန်လည်ကြား ယောင်ခဲ့ရပေသည်။ ယခုဆောင်းပါးရေးသား နေချိန်တွင်လည်း ပြန်လည်ကြားယောင်မိပေသည်။ နိုင်ငံတော်သမ္မတကြီး၏ ထိုစကားသည် မြန်မာ့နွေဦး အတွက် နောင်သောအခါ သမိုင်းဝင် စကားတစ်ခွန်း ဖြစ်လာပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် မြန်မာ့နွေဦးနှင့် စကားတစ်ခွန်း အကြောင်းကို အသေးစိတ် ရေးသား တင်ပြနိုင်ပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် မြန်မာ့နွေဦးသည် ပုရစ်ဖူးတွေ တဝေဝေနှင့် လန်း လန်းဆန်းဆန်း ပွင့်လန်းနေပါလိမ့်မည်။ ထိုအချိန် ရောက်လျှင် သန်း(၆၀)မှ ဆင်းရဲနွမ်းပါးလှသည့် အောက်ခြေဆယ်သန်းတို့၏ ဘဝများ တောက်ပြောင်နေလိမ့်မည် ဟုလည်း အမျှော်လင့်ကြီး မျှော်လင့် မိပေသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...