Monday, September 2, 2013

ဒေါ်လာတစ်သိန်းတန် အွန်လိုင်းစာကြည့်တိုက်(Digital Library ) ကွန်ပျူတာ တက္ကသိုလ်တွင် ဖွင့်လှစ်


တောင်ကိုရီးယား အစိုးရ၏ ပံ့ပိုးမှုဖြင့် ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် အမေရိကန် ဒေါ်လာတစ်သိန်းတန်ဖိုးရှိ အွန်လိုင်းစာကြည့်တိုက်ကို သြဂုတ်လ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ယင်း စာကြည့်တိုက် ဖြစ်မြောက်ရေးကူညီသည့် Samsung Electronics Company နှင့် KOICA (Korea International Cooperation Agency) ထံမှသိရသည်။ 

ယင်းစာကြည့်တိုက်တွင် ကွန်ပျူတာ ၂၅ လုံး၊ အင်တာနက်၊ Mobile Printer၊ Tablet PC ခုနှစ်လုံးနှင့် Project Screen တို့ အပါအဝင် စာကြည့်တိုက် အသုံးအဆောင်အားလုံးကို Samsung Electronics Company က လှူဒါန်းကြောင်း အဆိုပါ ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။ အွန်လိုင်းစာကြည့်တိုက်ကြောင့် သီအိုရီပိုင်းအတွက် သာမက လက်တွေ့ပိုင်းပါ ပိုမိုအသုံးဝင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စာကြည့်တိုက်ကို စာသင်နှစ်သင်တန်းများနှင့် ဘာသာရပ်အလိုက် အသုံးပြုသွားရန် စီစဉ်ထားကြောင်း ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခဒေါ်နွယ်နီက ပြောကြားသည်။

 “အွန်လိုင်းစာကြည့်တိုက် (Digital Library ) ရှိတော့ စာအုပ်ရှာရတာ အချိန်ကုန်သက်သာတယ်။ စာအုပ်တွေ ပျက်စီးမှာလည်း မပူရတော့ဘူးပေါ့” ဟု ယင်းတက္ကသိုလ်မှ နည်းပြဆရာမ ဒေါ်ခင်မီမီသိန်းက ဖြည့်စွက် ပြောဆိုသည်။ တောင်ကိုရီးယားအစိုးရ၏ ယခုပံ့ပိုးမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တွင် ပြုလုပ်ခဲ့ကာ ဒေါ်လာ ငါးသောင်းနီးပါး ကုန်ကျခဲ့ကြောင်း KOICA မှ စီမံကိန်းတာဝန်ခံ ဦးမျိုးမြတ်ထွန်းက ပြောကြားသည်။ 

ကိုရီးယားနိုင်ငံ ကိုယ်စားပြုဖြစ်သည့် KOICA (Korea International Cooperation Agency) သည် ၁၉၉၇ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူညီမှု ရေးထိုးထားပြီး ၁၉၉၈ ခုနှစ်က စတင်ကာ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ စာသင်ကျောင်းနှင့် အဖွဲ့အစည်းများသို့ လုပ်အားပေး ၃၀ ကျော်စေလွှတ်ခဲ့ကြောင်း၊ ၎င်းလုပ်အားပေး တစ်ဦးလျှင် ဒေါ်လာသုံးသောင်းမှ ငါးသောင်းထိ ကုန်ကျခံခဲ့ကာ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် လုပ်အားပေး ၂၀ ဦးခန့် ကျန်ရှိသေးကြောင်း KOICA ထံမှ စုံစမ်းသိရှိရကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထာပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...