Monday, September 2, 2013

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးတော့မည့်





သြဂုတ်လ ၁၆ ရက်နေ့ ကော့ကရိတ်ခရိုင် ၀ဲကြီးကျေးရွာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အပါအ၀င် KNU တပ်မဟာ ၅ ငြိမ်းချမ်းရေး ကိစ္စရပ်များအား ကရင်လက်နှက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေးကော်မတီ အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လ ၁၆ ရက်နေ့တွင် BGF တပ်နယ် ၄ အခြေပြုသည့် ကော့ကရိတ်ခရိုင်ဝဲကြီးစခန်းအား KNU တပ်မဟာ ၅ မှ တပ်သားအင်အား ၂၀ ခန့်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး BGF မှ တပ်သား ၁ ဦးကျဆုံးခဲ့ကာ ၂ ဦးဒဏ်ရာ ရရှိခဲ့သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
“အခုတစ်ခေါက် တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာက KNU တပ်မဟာ ၅ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့ အဓိက ဆွေးနွေးမယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကနေ တပ်မဟာ ၅ နဲ့ ၀ဲကြီးမှာဖြစ်သွားတဲ့တိုက်ပွဲမျိုး နောက်ထပ် မဖြစ်ရအောင် ဆွေးနွေး သွားမှာပါ။ ဒီပွဲကို တပ်မဟာ ၅ ကလည်းတက်ရောက်မှာပါ” ဟု နယ်ခြားစောင့်တပ် (BGF) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာရပ်များ ထပ်မံမဖြစ်ပေါ်စေရန်နှင့် အဖွဲ့အစည်းများအချင်းချင်း လေးစား ယုံကြည်မှုများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကရင်လက်နှက်ကိုင်အဖွဲ့များညီညွတ်ရေး ကော်မတီကို ဖွဲ့စည်းထားရခြင်း ဖြစ်သည်ဟု အမှတ် ၄ တပ်နယ် ကွက်ကဲရေးမှူး ဗိုလ်မှူး မုတ်သိုလ်က ပြောသည်။

“ကရင်ပြည်နယ်မှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြဿနာတွေ ပပျောက်ပြီးတစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ရှိအောင် အမြင်မှန်အောင် ရင်းနီးမှုရှိအောင် တစ်ဦနဲ့ တစ်ဦး လေးစားမှုရှိအောင် နိုင်ငံတော်မူဝါဒနဲ့အညီ ချီတက်ဖို့ ကြိုးစားတိုင်ပင်ကြဖို့ပါ” ဟု BGF နယ်ခြား စောင့်တပ် အမှတ် ၄ တပ်နယ်ကွက်ကဲရေးမှူး ဗိုလ်မှူး မုတ်သိုလ်က ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်မည့် ကရင်လက်နှက်ကိုင်အဖွဲ့များ ညီညွတ်ရေး ကော်မတီ အစည်း အဝေးမှာ တတိယ အကြိမ်မြောက် ဖြစ်ပြီး ထော့ကော်ကိုးဒေသတွင် တစ်ကြိမ်မြိုင်ကြီးငူဒေသတွင်တစ်ကြိမ် ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ညီညွတ်ရေးကော်မတီ အစည်းအဝေးလုပ်တာက ဒီတစ်ကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီ။ နိုင်ငံတော်က ကျွန်တော်တို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ညီညွတ်မှာကို သိပ်တော့လည်း မလိုလားဘူးလို့ထင်တယ်” ဟု DKBA ကလိုထူးဘော အဖွဲ့မှ ဗိုလ်ကြီးစောသရီတူးက ပြောသည်။

ကရင်လက်နှက်ကိုင်အဖွဲ့အစည်းများ ညီညွတ်ရေးကော်မတီ အစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့ မြ၀တီခရိုင် ရွှေကုက္ကိုမြိုင်ဒေသ၌ ပြုလုပ်သွားမည်ဖြစ်ကာ KNU၊ DKBA၊ နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA(PC)၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့တို့ တက်ရောက်သွားမည် ဖြစ်သည်။

မိုးမြင့်ကျော် (မြစ်မခ) /မြန်မာခရိုနီကယ်
စက်တင်ဘာလ(၂)ရက်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...