Monday, September 2, 2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ KIO ပါဝင်ဖို့ သေချာနေပြီလား

စက်တင်ဘာလ ၂ ရက် ၂၀၁၃
   နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ သြဂုတ်လ ၃၁ ရက်...နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အကြိုတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဌ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ RCSS/SSA နဲ့ KNU အဖွဲ့ ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့အထူးအကြံပေး မစ္စတာဗီဂျေနမ်ဘီးယား တို့ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

   အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပထမအဆင့်အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို   ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးရဖို့   နိုင်ငံရေးဆွေးနွေး ပွဲကြီးပြုလုပ်ဖို့နဲ့ အဲဒါတွေ ပြီးရင်တော့ အားလုံးပါဝင်တဲ့ ညီလာခံကြီးရှိမှာဖြစ်ကြောင်း MPC မှ အထူး အကြံပေး   ဦးလှမောင်ရွှေက ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလထဲမှာ ပြုလုပ်နိုင်မယ် လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဦးအောင်မင်းက   ပြောကြား ထားခဲ့ပြီး   ဖြစ်ပါ တယ်။ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၄) ဖွဲ့ရှိပြီး အပစ်အခတ်ရပ်ဖို့ ကျန်နေတာကတော့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)နဲ့ တအေားန် အမျိုးသား တပ်မတော် (TNLA)တို့ဖြစ်ကြောင်း သိရပါတယ်။
       တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးဖို့က အောက်တိုဘာလထဲမှာဆိုတော့ တစ်လပဲ ကျန် တော့တာဖြစ်ပါတယ်။ အဲဒီကာလမှာ အစိုးရအဖွဲ့နဲ့ KIO၊ TNLA တို့က အပစ်အခတ်ရပ်စဲတဲ့ သဘောတူလက်မှတ် ရေးထိုးမှုတွေ ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် KIO အနေနဲ့ အစိုးရအဖွဲ့နဲ့ တကယ်ပဲ သဘောတူ လက်မှတ်ရေးထိုးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေအရ KIO အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်နိုင်ဖို့ သေချာရေရာမှုရှိ၊ မရှိဆိုတဲ့ အဖြေက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ပန်ဝါဒေသမှာ NDAK အဖွဲ့ကနေ အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့် တပ်နဲ့ KIA တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တစ်ဆက်တည်းဆိုသလို သြဂုတ်လ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ လည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေ ဘာကြောင့် ဖြစ်ပွားခဲ့တာလဲဆိုတဲ့ အဖြေဟာ နှစ်ဘက်အငြင်းပွားမှုအဖြေတွေကြောင့် သံသယရှိစရာ ကောင်းနေခဲ့ပါတယ်။ KIA ဘက် ကပြောတော့ အစိုးရတပ်တွေဟာ KIA တပ်တွေရှိတဲ့ဘက်ကို ၀င်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားခဲ့ တာပါလို့ ဖြေရှင်းချက်ပေး တယ်။ ပြည်သူ့စစ်အဖွဲ့ကလည်း ရိက္ခာပို့သွားတဲ့အချိန်မှာ KIA အဖွဲ့က ခြုံခိုမိုင်းဆွဲတိုက်ခိုက်တာပါလို့ ဖြေရှင်း ထားပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် တည်ငြိမ်အေးချမ်းဖို့ အရှိန်ယူနေဆဲ ကချင်ပြည်နယ်အတွက် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ရပါတယ်။
      လက်နက်ကိုင်အဖွဲ့အစည်း (၂)ဖွဲ့ဖြစ်တဲ့ KNU နဲ့ RCSS/SSA တို့နှင့် တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါက်တာ စိုင်းမောက်ခမ်းက ငြိမ်းချမ်းရေးရရှိစေရန် ဆောင်ရွက်ခြင်းမှာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စ ဖြစ် ကြောင်း၊ အတိတ်က ဖြစ်ပျက်ခဲ့မှုများကို ရည်ညွှန်းကာ တစ်ဖက်နှင့်တစ်ဖက် ယိုးမယ်ဖွဲ့ ထိုးဆွနေကြရန် မလိုအပ် သလို အပေးအယူအလျော့အတင်း မဖြစ်မနေလုပ်နိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံဖြစ်တာနဲ့အညီ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံရှိနေမှု ကို စိန်ခေါ်မှုလို့ သဘောမထားဘဲ အခွင့်အရေး တစ်ရပ်၊ သူမတူတဲ့ အင်အားတစ်ရပ်အဖြစ် သဘောထား ကာ ပူးပေါင်းလက်တွဲသွားရန် လိုအပ်ကြောင်း ပြောကြား သွားခဲ့တယ်လို့ သိရပါတယ်။
   ဒါဆိုရင် KIO က အစိုးရအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး   တွေ့ဆုံဆွေးနွေး ပွဲမှာ ပါဝင်လာလိမ့်မယ်လို့ တိုင်းရင်းသားအားလုံး မျှော်လင့်နေကြပြီဖြစ်ပါတယ်။ လိုင်ဇာမြို့ကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်းဘီးယားကလဲ အစိုးရနဲ့ ဆွေးနွေးခဲ့သည့် မြစ်ကြီးနားသဘောတူညီချက်အတိုင်းသာ ဆက်လက် အကောင်အထည်ဖော်သွားသင့်ကြောင်း KIO ခေါင်းဆောင်ပိုင်းတွေကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
   အဲဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ KIO အနေနဲ့ နည်းပညာရှင်များအဖွဲ့(Technical Team) ကိုဖွဲ့စည်းပြီး အစိုးရနည်းပညာအဖွဲ့၏ ညှိနှိုင်းကမ်းလှမ်းမှုကိုစောင့်နေခဲ့သော်လည်း ယနေ့အချိန် အထိ ဖိတ်ကြားခြင်းမရှိသေးကြောင်း KIO ဆီမှ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ နည်းပညာရှင်များ အဖွဲ့ကတော့ KIO နည်းပညာရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု မကြာခဏ   ပြောဆိုနေသော်လည်း မည်သည့်အချိန်တွင် တွေ့ဆုံဆွေးနွေးမည်ကို ထုတ်ဖော်ပြောဆိုခြင်းမ ရှိသေးကြောင်း သိရပါတယ်။
  တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အစိုးရအဖွဲ့နဲ့ ကျန်ရှိနေတဲ့ KIO၊ TNLA တို့ဟာ တွေ့ဆုံ ဆွေးနွေးမှုကို မဖြစ် ဖြစ်အောင် ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ သဘောတူညီချက်(၇)ချက် အတိုင်း ဆွေးနွေးရင် ပြဿနာမရှိသော်လည်း တစ်ဖက်ဖက်က အခွင့်အရေး ပိုတောင်းဆိုတာမျိုးနဲ့ တစ်ဖက်ဖက်က လိုက်လျော လိုက်ရတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်အဖွဲ့အစည်းက ပြည်သူ့အကျိုးစီးပွား ကိုရှေးရှုဆောင်ရွက်မလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ထင်မြင်ယူဆမိတာ ကတော့ လက်တလောအခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွားရှာသွားနိုင်တဲ့အဖွဲ့အစည်းတွေလည်း ရှိနိုင်တယ်ဆိုတာပါပဲ။ အဲဒီ လိုတောင်း သမျှ အခွင့်အရေးကို ပေးလိုက်မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး သဘောတူညီမှုအတွက် စတေးလိုက်ရတယ်လို့ပဲ ပြည်သူတွေကို မြင်အောင်ချပြပေးရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအားလုံးကတော့ ဒီမိုကရေစီစနစ်ကျင့်သုံးနေဆဲကာလမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်စေချင်တာ ထပ်တူထပ်မျှဆန္ဒပါ။ ဒါမှလည်း တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေး ရရှိမှာ ဖြစ်ပြီး ပိုမိုတိုးတက်ထွန်းကားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ်ပဲ မြင်ချင်ကြတာပါ။
ဒါကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မှာ KI0 ပါဝင်ဖို့ သေချာနေပြီလားဆိုတာ တိကျသေချာ တဲ့အဖြေတစ်ခုတော့ ရှိသင့်ပြီလို့ ထင်မြင်ယူဆမိပါတယ်။

နေနိုင်လင်း
ကချင်နေစဉ်သတင်း 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...