Monday, October 7, 2013

လူတိုင်း အခြေခံကျင့်ဝတ်လိုက်နာကြမယ်ဆိုလျှင်...?

 

 ရေကူးကန်ထဲ သေးပေါက်မချနဲ့၊ လူမြင်ကွင်းမှာ နှာခေါင်းမနှိုက်နဲ့၊အဲကွန်းခန်းထဲ လေမလည်နဲ့၊ သွားကြားထိုးမယ်ဆိုရင် လက်ချောင်းနဲ့မထိုးနဲ့ အများသုံးအိမ်သာတက်ရင် အချိန် အကြာကြီး မတက်နဲ့၊ ဘိုထိုင်အိမ်သာခုံမှာ ခြေရာ ဖိနပ်ရာမကျန်စေနဲ့ ဟင်းရည်သောက်ရင် ပန်းကန်ကိုင်ပြီး မော့သောက်တာမျိုး မလုပ်နဲ့၊ခေါက်ဆွဲစားတဲ့အခါ ပလပ် ပလပ် ရှလွှတ် ရှလွှတ် မြည်အောင် မစားနဲ့၊စတဲ့ စည်းကမ်းချက်တွေကိုခရီးသွားတဲ့အခါ ပြည်သူတွေ လိုက်နာကြပါလို့ တရုတ်အစိုးရက ညွှန်ကြားချက် ထုတ်လိုက် ပါတယ်။

အဆိုပါထုတ်ပြန်ချက်တွေပါတဲ့ ယဉ်ကျေးမှုရှိစွာခရီးသွားခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်က  စာမျက်နှာ ၆၀ ကျော်ပါတယ်။ တရုတ်ပြည်မှာ သန်းပေါင်းများစွာသော ခရီးသွားတရုတ်ပြည်သူတွေ ကိုယ့်တိုင်းပြည်ထဲမှာပဲ နေထိုင်သွားလာသည်ဖြစ်စေ တခြားနိုင်ငံတခုခုကို သွားကြသည်ဖြစ်စေ လိုက်နာကြသင့်တဲ့ စည်းကမ်းချက်များလို့ ဆိုပါတယ်။

ကမ္ဘာမှာ အမေရိကန်နဲ့အပြိုင်တိုးတက်နေတဲ့ တရုတ်ပြည်မှာ ပြည်သူတွေကို ဒီလိုစည်းကမ်းချက်လမ်းညွှန် စာအုပ်လေးတွေ နဲ့ ယဉ်ကျေးပျူငှာတဲ့ လူမျိုးဖြစ်လာအောင် အစိုးရက ဖော်ဆောင်နေပါတယ်။

သူတို့ရဲ့ လမ်းညွှန်စာအုပ်ဆိုတာ  မြန်မာနိုင်ငံမှာ အခြေခံပညာမူလတန်းကတည်းက သင်ယူခဲ့ရတဲ့ လောကနီတိ လိုပါပဲ။ မြန်မာပြည်သူတွေအတွက် လောကနီတိတွေဟာ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရပေမယ့် လက်တွေ့လိုက်နာတဲ့ အခါမှာတော့ အားနည်းနေပါသေး တယ်။

အများပြည်သူလူကြားထဲ ဆေးလိပ်မသောက်ဖို့၊ လမ်းတွေပေါ်မှာ ကွမ်းသွေးမထွေးဖို့၊ အမှိုက်မပစ်ဖို့၊ ဘတ်စ်ကားစီးတဲ့အခါ သက်ကြီးရွယ်အိုတွေ၊ ရဟန်းသံဃာတွေ ပါလာရင် နေရာထပေးဖို့ စတာတွေဟာ အခြေခံလူကျင့်ဝတ်တွေပါ။ ဒါတွေကို အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုတဲ့ ကျောင်းနေစဉ်ကာလတွေကတည်းက လောကနီတအဖြစ်ဆရာ၊ ဆရာမတွေက သင်ပေးလိုက်ပြီးဖြစ်ပါတယ်။ အိမ်မှာဆိုလည်း မိဘတွေက သင်ပေးကြပါတယ်။ ဒါပေမဲ့ လိုက်နာနိုင်မှုကတော့ အားနည်းနေဆဲပါ။

ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ နိုင်ငံတွေမှာတောင် ဒီလိုစည်းကမ်းတကျရှိဖို့ အခြေခံ လူ့ကျင့်ဝတ်ကို လိုက်နာနိုင်ဖို့ အစိုးရကိုယ်တိုင် ဦးစီးပြီး လုပ်နေရဆဲပါ။ မဖွံ့ဖြိုးသေးတဲ့  မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ ဒီ့ထက်ပိုပြီး ပြည်သူတွေ အခြေခံလူ့ကျင့်ဝတ်တွေကို လိုက်နာနိုင်ဖို့ တွန်းအားပေးလမ်းညွှန်ပေး ဖို့လိုပါတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ အယဉ်ကျေးဆုံး၊ အပျူငှာဆုံးဆိုတဲ့ ဂုဏ်ပုဒ်က ယနေ့ခေတ် အတိုအပြတ်နဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးလာတဲ့ အနာဂတ်မျိုးဆက်တွေကြား မှာ သေချာသာ မထိန်းသိမ်းနိုင်ဘူးဆိုရင် ပျောက်ပျက်တော့မှာပါ။ 

ယနေ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဆိုတာ လူတစ်ဦးချင်းအတွက် လွတ်လပ်ခွင့် လူ့အခွင့်အရေးတွေပေးထား တဲ့ အင်မတန်ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ဒီစနစ်နဲ့ အတူ  လူတိုင်းလူတိုင်းဟာ လွတ်လပ်ခွင့်ဆိုတာကို ပရမ်းပတာမယူဘဲ အခြေခံ လူ့ကျင့်ဝတ်တွေကအစ လိုက်နာနိုင်ပြီး စည်းကမ်းပြည့်ဝစွာနဲ့ စနစ်တကျယူတတ်ပါမှ အနာဂတ်မှာပျော်ရွှင်ဖွယ်ကောင်းတဲ့ အသိုင်းအ၀န်းတစ်ခုကို အောင်မြင်စွာ လျှောက်လှမ်းနိုင်မှာပါ။ ဒါကြောင့်မို့ ခက်ခဲလှတဲ့တနေ့တာကို ၀မ်းရေးအရ ပင်ပင်ပန်းပန်း လှုပ်ရှားရုန်းကန်နေရသည့်တိုင်အောင် လူ့ယဉ်ကျေးမှုတွေနဲ့ တစ်ဦးပေါ် တစ်ဦးပေါင်းသင်းဆက်ဆံကြပြီး စာနာနားလည်နိုင်မယ် ဆိုလျှင် ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းတကျရှိတဲ့ နိုင်ငံအသိုက်အ၀န်းလေးတစ်ခု ပေါ်ပေါက်လာဖို့ ကြာကြာစောင့်ရမှာ မဟုတ်ပါဘူး။

မောင်ယဉ်ကျေး
New Myanmar News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...