တစ်ချိန်က ဆရာတော် အရှင်ဝါယမသည် အလောင်းတော် ကဿပလိုဏ်ဂူတော်၌
တရားအားထုတ်နေစဉ် ထူးခြားသော တောထွက်အဘိုးအိုတစ်ဦးနှင့် ကြုံကြိုက်ရာ
'တပည့်တော်တို့ ကုန်းဘောင်မှာ ခေတ်စားခဲ့သော ဆောင်ပုဒ်အချို့ကို အဓိပ္ပာယ်ရှင်းပြပါ ဘုရား' ဟု လျှောက်ထား၏။
ဆရာတော် ။ ။ အဘိုးရဲ့ ပုစ္ဆာကို သိပါရစေ။
အဘိုးအို ။ ။ "သိင်္ဃဆိုသည် ဆုံလည်ရပ်"၊ "ဘုရားဆိုသည် ရှင်သိဒ္ဓတ်"။
ဆရာတော် ။ ။ အဘိုး မေးတဲ့ လင်္ကာအဓိပ္ပာယ်များကို ကြားဖူးနားဝ ရှိမထားရင် မဖြေနိုင်ပါဘူး။ အခုတော့ အထက်ပါ လင်္ကာအဓိပ္ပာယ်ကို ဦးပဉ္စင်းတို့ ဆရာတော် (ဆဌမ ကျော်အောင်စံထား)ထံ ဝတ်ပြုရင်း မကြာခဏ မိန့်ဖူးလို့ အဘိုးအမေးကို ဖြေနိုင်ပါတယ်။
(၁) "သိင်္ဃဆိုသည် ဆုံလည်ရပ်" ဆိုတာက ကောဇာသက္ကရာဇ် ၁၁၁၃ ခုမှာ အင်းဝပျက်၍ အလောင်းမင်းတရား ဦးအောင်ဇေယျက မြန်မာပြည်အရပ်ရပ် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဟံသာဝတီ၊ တောင်ငူ၊ အင်းဝ၊ ရှမ်း၊ ယွန်း အရပ်များမှာ ရွှေ ငွေ ပတ္တမြား စသော ရတနာအပေါင်းတို့သည် မုဆိုးဘိုမြို့သို့ စုလာသည်လည်း တစ်ချက်။
(၂) စာပေပိဋကတ်၊ ဓာတ်တော်မွေတော် တည်းဟူသော ရတနာအစစ်အပေါင်းတို့သည် မုဆိုးဘိုမြို့သို့ စုလာသည်လည်း တစ်ချက်။
(၃) အရပ်ရပ်တို့မှ ရှင်ရဟန်း ပညာရှိများ မုဆိုးဘိုအရပ်သို့ စုရောက်လာသည်လည်း တစ်ချက်။
ဤ ၃ ချက်သော ရတနာအပေါင်းတို့ စုဆုံလာသည်ကို ရည်၍ ထိုမြို့ကို "ရတနာသိင်္ဃ"မြို့ဟု ဆိုတယ်။
နောက်တစ်နည်းမှာ -
ခရီးလမ်းကြောင်းတို့၏ ဆုံရာအရပ်ကို (မဂ္ဂသိင်္ဃာတက) ခရီးလမ်းဆုံဟု ဆိုသကဲ့သို့ ရတနာအပေါင်းတို့၏ စုဝေးရာဖြစ်၍ "ရတနာသိင်္ဃမြို့"ဟု ဆိုပေတယ်။
ဝိဂြိုဟ်ပြုရလျှင်-
(ရတနာ၊ သိင်္ဃာန၊ ရတနာ သိင်္ဃဋံ)
ဤနေရာ၌ စတုတ္ထအက္ခရာ "ဃ"နှင့် ရတနာသိင်္ဃ၏ ပဝတ္တိဖြစ်ခြင်းအရာကို မှတ်ရပေမယ်။
နောက်တစ်နည်းမှာ-
"ရတနာသိင်္ခ" ဟူ၍ ဒုတိယအက္ခရာ(ခ)ကို ယူလျှင် (လူတို့အတွက် အောင်မြင်ခြင်း ဦးစွန်းသဖွယ်ဖြစ်သော ဇေယျသိင်္ခမင်း၊ ဦးစွန်း ၅ ခုရှိသော ပဉ္စသိင်္ခ နတ်သား) ဟု ခေါ်ဆိုသကဲ့သို့ ရတနာအပေါင်းတို့၏ စုဝေးရာ၊ တိုင်းပြည်တကာတို့၏ အထွတ်ဦးစွန်းသဖွယ်ဖြစ်သော "ရတနာသိင်္ခမြို့တော်" ဟူ၍ အဓိပ္ပာယ်ယူအပ်ပေတယ်။
သိင်္ခသဒ္ဒါကား (ဦးစွန်း) ဟောတယ်။ သိင်္ဃသဒ္ဒါကား (အလျင်အမြန်)ကို ဆိုလိုတယ်။ ဤသဒ္ဒါနှစ်မျိုးမှ မည်သည့်အက္ခရာမဆို သင့်မြတ်ပါတယ် အဘိုး။ ဒါကြောင့် ရှေးသူဟောင်းတို့ စပ်ဆိုရာမှာ-
"မြန်မာ့ထိပ်ခေါင်၊ ဦးစွန်းထောင်၍
ကုန်းဘောင် စံမှတ်၊ နန်းပြသာဒ်က
သိဒ္ဓတ်တစ်နှုန်း၊ စက်ရှိန်မှုန်းသော်
ပျောက်ပြုန်းရန်မျိုး" လို့ ဆိုပါတယ်။
အဘိုးအို ။ ။ သာဓုပါ... ကိုယ်တော်လေး၊ သာဓု.... သာဓု...။
ဆရာတော် ။ ။ "ဘုရားဟူသည် ရှင်သိဒ္ဓတ်" ဆိုသည်ကား ကပ္ပိလဝတ် နေပြည်တော်ကြီးကို ဗာရာဏသီပြည်၊ ဥက္ကာမုခမင်း၏ သားတော် ၄ ယောက်၊ သမီးတော် ၅ ယောက်တို့ စုစည်းပြီး ဗိုလ်ပါ အလုံးအရင်းနှင့် ပြုစု ထူထောင်ထားကြတယ်။
မင်းသား ၄ ယောက် အချိန်အရွယ်ရောက်လျှင်
"တစ်ပါးသူနှင့်အိမ်ထောင်ပြုချေသော် အမျိုးပျက်မည်။ အမျိုးပျက်လျှင် အပြောအဆို အသုံးအနှုန်းပျက်မည်။ ဤသို့ပျက်လျှင် ပြည်ထဲရေး မငြိမ်မဝပ် ရှိမည်။ ဤသို့ဖြစ်သော် တိုင်းသူပြည်သားအပေါင်းတို့ ဆင်းရဲခြင်းသို့ ရောက်မည်"
ဟူ၍ အကြံတော် ရှိကြပေတယ်။ ထို့ကြောင့် နှမတော် ၅ ယောက်တွင် အကြီးဆုံးကို အမိအရာထား၍ အငယ် ၄ ယောက်နှင့် မောင်တော် ၄ ယောက်တို့ အချင်းချင်း အိမ်ထောင်ဖက် ပြုခဲ့ကြတယ်။
ထိုအကြောင်းကို ခမည်းတော်ဥက္ကာမင်း ကြားသိတော်မူသော်
"ငါ့သားတော် သမီးတော်တို့သည်ကား ရဟန်း၊ ရှင်လူ ပြည်သူတို့၏ စီးပွားချမ်းသာကို ငဲ့၍ မောင်နှင့်နှမ ရွှေလက်တွဲကာ ပြည်ထဲရေး ထမ်းဆောင်ကြသည်မှာ အလွန်ပြုနိုင်ခဲသော အရာကို ပြုပေစွ"
ဟု ချီးမွမ်းစကား ဆိုခဲ့ပေတယ်။
ဤကိုရည်၍ ရှင်အဂ္ဂသမာဓိ စပ်ဆိုရာတွင်-
"သကျဝတ၊ ကုမာရ ဟု
ဩဇာသာကြည်၊ နှုတ်ခွန်းရည်ကြောင့်
ပင်စည်ညွန့်ညှောက်၊ မင်းရိုးပေါက်သည်"
ထို "သကျဝတ" စကားကို စွဲ၍ "သာကီဝင်" မင်းမျိုးဟု တွင်ရာ ကုန်းဘောင်ခေတ် မြန်မာမင်းများလည်း အပါအဝင်ဖြစ်ပေတယ်။ ပြည်သူတို့ စိုးရိမ်ခြင်း ပျောက်၍ စိတ်ချမ်းမြေ့ခြင်း ဖြစ်သည်ကို သိဒ္ဓတ် ဖြစ်သည် ခေါ်ဆိုတယ်။ ဤကိုစွဲ၍ ဘုရားလောင်း သားရတနာ ဖွားဖြင်ရာတွင် ငယ်မည် သိဒ္ဓတ္တ ဟု မှည့်ခေါ်ခဲ့တယ်။ ဘုရားအဖြစ်သို့ရောက်သော် ဗောဓိပင်အောက်၌ စိတ်နှလုံး ချမ်းမြေ့ခြင်း ဖြစ်တော်မူသည်ကို စွဲ၍၊ ဤ ၃ ချက်သော သိဒ္ဓတ်ကို ရည်၍ "ဘုရားဆိုသည် ရှင်သိဒ္ဓတ်" ဟု ဆိုပါတယ်။
အဘိုးအို ။ ။ သာဓုပါပဲ... ကိုယ်တော်လေး၊ သာဓု... သာဓု...။
.................................
......
အပိုင်း(၃)တွင် ဆက်လက်ဖော်ပြပါဦးမည်...။

0 comments:
Post a Comment