Monday, October 7, 2013

ပုဂ္ဂိုလ်စောင့်၊သိုက်စောင့်ဟူသည်




ဓမ္မမိတ်ဆွေတစ်ဦးမေးလာသည့် မေးခွန်းတစ်ခုမှာ အချို့သောသူသည် သိုက်ဆက်နီးလွန်းအားကြီးသဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များကြုံဖူးကြားဖူးသည်ဟု ဆိုသည်။ မှန်မမှန်နှင့် ဘုရားဟောမည်သို့ရှိသည်နှင့် ဖြေရှင်းပေးရမည့် မေးခွန်းဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန်ပစ္စည်းများ ထာပနာသိမ်းဆည်းများ ထားသိုရာနေရာတစ်ခုဟု စာရေးသူသိထားပါ သည်။ သို့သော် သိုက်ဟုဆိုလိုက်လျှင် အဖိုးတန်ပစ္စည်းများသာမက လျှို့ဝှက်ဆန်းကျယ်သော မှော်ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။ သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသားချည်းဖြစ်ချေသည်။

အချို့က သိုက်ဖွားဟုဆိုပြီး လျှို့ဝှက်ဆန်းကျယ်မှုနှင့်ကြုံသည်။ ကူညီစောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီစောင့်ရှောက်သနည်း။ ကြားဖူးသည့် ဖြစ်ရပ်တစ်ခုအရ သိုက်အတူတူ စောင့်ခဲ့သူ တစ်ဦးသေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံစောင့်ရှောက်သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန်လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။ သိုက်၊နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှုမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့်ဖြစ်ပြီး သူ့ဘုံတွင် အမြဲတည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ ၍ အောက်မှ အထပ်အထိ ရှိသည်။ စတုမဟာရာဇ်နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေးမစုံ၊ ဘုန်းကံမမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီးရှစ်ထပ်၌ ငရဲသားများအဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက်ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျသွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆိုရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ်ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာဘုံဌာနဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေသည်။

(ဤတွင်စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာများလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူတင်ပြသော ၃၁ ဘုံမှာ အမှန်တကယ်တည်ရှိသော ဌာနများဖြစ်သည်ဟု မြတ်စွာဘုရား မှ ဟောကြားခဲ့ချေသည်။ ထိုဘုံအလိုက်အထိုက်တွင်လည်း ပွင့်ဖူးခဲ့သော ဘုရားအဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြဆုံးမခဲ့သည်ဟုလည်း သိရသည်။ အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။ ကျေးဇူးဆပ်ပုံမှာ အဘိဓမ္မာတရားအကျယ်ဟောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအဘိဓမ္မတရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည်ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံအမှန်တကယ်ရှိသည်ဟုလည်း ထောက်ပြနိုင်သည်။)

သိုက်အကြောင်းကိစ္စပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင်စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူယုံကြည်သည်။ သိုက်စောင့်နတ်အမျိုးမျိုး အထွေထွေ အားလုံး သည် ဘုရားထာပနာဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရားထာပနာစောင့်ကြပ်ရသော မြွေ၊ နဂါးစသည်ဖြင့် အမျိုးမျိုးရှိချေသေး သည်။

တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီးအချိန်) လောဘဇောတက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်းဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်းဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ်မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော်လည်းကောင်း၊ အသူရကာယ်သော်လည်းကောင်း ဖြစ်ကြရသည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေးတို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟုဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်းဥစ္စာကိုအစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့စောင့်ကြပ်သော ပစ္စည်းဥစ္စာအပေါ် နှောက်ယှက်လိုသူတို့နှင့် ကြုံတွေ့ရသော် နည်းလမ်းအမျိုးမျိုးဖြင့် ခြောက်လှန့်မောင်းထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု၊စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓကတစ်ခုအရ အမျိုးသားတစ်ဦးသည် သူချစ်သော အမျိုးသမီးကို စွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာဘုံဘဝသို့မရောက်နိုင်ပဲ လောဘစိတ်အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ရောက်ရသည်။ ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင်ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူတစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံနှောင့်ယှက်ခြင်းများ ပြုတတ်ချေသည်။

ဤတွင် အကြောင်းမဲ့ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက်နှောင့်ယှက် (သို့မဟုတ်) ကူညီဖေးမမှုကိုခံရသည်။ (ဥပမာနောက်တစ်ခုအရ။ ။ သေသောကလေး (ကလေးခြောက်)က ဘုံဘဝစွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်းပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့်လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကျွေးကြောင့် လည်း မိမိလုပ်ဆောင်ချက်များကို တားဆီးပိတ်ပင်မှုခံရသည်။ ဥပမာတစ်ခုအရ ဘုရားဟောဇာတ်တော် တစ်ခုတွင် အမျိုးသမီးတစ်ဦးသည် အရိယာတစ်ဦးကို နှုတ်ရေးဖြင့် ဆဲရေးတိုင်းထွာပြုမိသောကြောင့် သူဆဲခဲ့ဖူးသည် ပြည့်တန်ဆာမ ဟူသော စကားလုံးအတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင်သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည်ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက်ဖြစ်မည်ကို ဘုရင်က ကြောက်လှန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံဘုရင်၊ အိမ်ရှေ့မင်းသား များအတွက် ပြည့်တန်ဆာသဘောမျိုးသာ ပျော်တော်ဆက်ဖြစ်စေခဲ့သည်။ (နောက်ဆုံး ဘဝတစ်ခုတွင် ထိုအမျိုးသမီးလည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရချေသည်။) (ဘုရားဟောဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝတစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူးတစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကျွေးဆပ်ရခြင်းမျိုးဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝဆက်တိုင်းအကျိုး ပေးကောင်းရခြင်း မျိုးလည်းရှိသည်။ အိမ်ထောင်ရေးအမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့်သော်လည်းကောင်း၊ မိမိရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက်ကျူးလွန် သည့် အကုသိုလ်ကံတစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။ (ဥပမာ- သူတော်ကောင်းတို့ မဂ်လာကိစ္စခမ်းနားကို ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေးတစ်ခုတွင်သာမဟုတ် သက်ဆိုင်ရာသက်ဆိုင်ရာ အကြောင်းအရာကိစ္စရပ်တိုင်းတွင် ရှေးဘဝအကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခုသဖွယ် ဆက်တိုက်ခံရခြင်းဖြစ်သည်။ ဥပမာ- ချမ်းသာရန် အခွင့်အမြဲကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်းအမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲချမ်းသာရခြင်း စသည်ခြင်းမျိုးဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော် ပုဂ္ဂိုလ်သိုက် စောင့်စောင့်၊ ကံဝဋ်ကျွေးမည်မျှပင် ကျန်ကျန် မိမိလုပ်ဆောင်ရမည်ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံအားထုတ်ရမည်ဖြစ်သော မဂ်ဖိုလ်တရားများကို အစဉ်တစ်ဆိုက်ပွားများကျင့်ကြံအားထုတ်ရချေမည်။

ဘဝများရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှုရှိသလို၊ မကောင်းမှုရှိသဖြင့် ဘုံအထွေထွေတွင် ကြင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကြွတ်လွတ်အောင်၊ အကုသိုလ်ကံ အကျိုးများ အဟော သိကံဖြစ်အောင် နိဗ္ဗာန်ဝင်နိုင်ရန် ပွားများကြင့်ကြံရချေမည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန်ဝင်ခါနီးအထိတွင်ပင် ဆပ်ရမည်ဖြစ်ကြောင်းကို ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပင် သာဓကအဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။

သို့သော် နိဗ္ဗာန်သို့ရောက်လျှင် ထိုကြောင်းကျိုးများလွတ်ကင်းရချေသည်။ သင်ကြားလေ့လာခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုးလွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...