Monday, October 7, 2013

အမေရိကန်ဒေါ်လာ ၁၄ သန်းမြှုပ်နှံမည့် ကိုရီးယား-မြန်မာ ဖက်စပ်ရောင်စုံ အမိုးပြား စက်ရုံကို ၁၃ လအတွင်း အပြီးတည်ဆောက်ကာ ထုတ်လုပ်မှု၏ ရာခိုင်နှုန်း ၄၀ ပြည်ပတင်ပို့မည်

Created on Sunday, 07 October 2013


Myanmar Posco Steel ကုမ္ပဏီမှ သွပ်ပြားထုတ်လုပ်နေမှုအား တွေ့ရစဉ်

အမေရိကန်ဒေါ်လာ ၁၄ သန်း မြှုပ်နှံကာ ကိုရီးယား-မြန်မာ ဖက်စပ်လုပ်ကိုင်မည့် ရောင်စုံအမိုးပြား စက်ရုံအား ၂၀၁၄ ခုနှစ် အောက်တိုဘာ လကုန်တွင် အပြီးသတ် တည်ဆောက်ကာ ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့မည်ဖြစ်ကြောင်း Myanmar Posco Steel ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးသန်းထွဋ် (ဒုတိယ ဗိုလ်မှူးကြီး-အငြိမ်းစား) က ပြောကြားခဲ့သည်။

အဆိုပါ အမိုးပြားများ ထုတ်လုပ်ခြင်း လုပ်ငန်းကို ကိုရီးယားနိုင်ငံ အခြေစိုက် Posco Coated & Color Steel ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြန်မာကုမ္ပဏီမှ ရှယ်ယာရာခိုင်နှုန်း ၃၀ နှင့် ကိုရီးယား ကုမ္ပဏီဘက်မှ ရှယ်ယာရာခိုင်နှုန်း ၇၀ အား ပိုင်ဆိုင်ကြောင်း သိရသည်။

"စက်ရုံကို ၁၃ လအတွင်း အပြီးတည်ဆောက်မယ်။ ၁၃ လထဲမှာ စမ်းသပ်ထုတ်လုပ်တဲ့ ကာလလည်း ပါမယ်။ စက်ရုံတည်ဆောက် ပြီးရင်တော့ ထုတ်လုပ်မှု အနေနဲ့ တစ်လကို တန်ချိန် ၄၀၀၀ လောက် ထုတ်သွားမယ်။ အိမ်ခေါင်မိုးသွပ် အပါအ၀င် စက်ပစ္စည်းတွေမှာသုံးတဲ့ အမိုးပြားတွေကိုပါ ထုတ်လုပ်မယ်။ ပြည်ပကို ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ တင်ပို့သွားမယ်။ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအိုနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို တင်ပို့သွားမှာပါ" ဟု Posco C &C ၏ ဒုတိယ ဥက္ကဌဖြစ်သူ Mr. Choi, Sung Hwan က ပြောပြခဲ့သည်။

ရောင်စုံသွပ် အမိုးပြားများ ထုတ်လုပ်ရာတွင် စက်ရုံ၏ လည်ပတ်မှု ပုံစံကို ကွန်ပျူတာစနစ်အား အသုံးပြုသွားမည်ဖြစ်ပြီး ကိုရီးယား နည်းပညာဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ အခြေစိုက် Posco Coated & Color Steel ကုမ္ပဏီမှာ ကမ္ဘာ့တတိယ အကြီးဆုံး သံနှင့်သံမဏိ ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ထုတ်ကုန်များအား တရုတ်နိုင်ငံ ဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိပြီး အမေရိကန်၊ ထိုင်း၊ မက္ကဆီကိုနှင့် အာဖရိက နိုင်ငံများသို့လည်း တင်ပို့ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...