Wednesday, October 2, 2013

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား၊ ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ ပြောင်းလဲ သတ်မှတ်


  Created on Wednesday, 02 October 2013


သံတွဲမြို့၊ ၃ ရပ်ကွက်ရှိ ဦးခင်မောင်အေးအိမ်အား စက်တင်ဘာ ၂၉ ရက်က မီးရှို့ခံရပြီးနောက် တွေ့ရစဉ်

သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားနေပြီး ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

သံတွဲမြို့ ဗောဓိကုန်း ရပ်ကွက်နှင့် သုံးမိုင်ခန့်ဝေးသော ရော်ဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ရွှေလှေပေါက်တောရွာနေ သိန်းဇော်ဝင်း (ကမန်) နှင့် အလုပ်သမားဖြစ်သူ စိုးရန်နိုင်တို့ နှစ်ဦးမှာ ၎င်းတို့နေသည့် လယ်တဲအား မီးရှို့ထွက်ပြေးခဲ့ရာ သပြုချိုင် ရွာသားခြောက်ဦးနှင့် တွေ့ဆုံပြီး စိုးရန်နိုင်၏ခေါင်းတွင် ဂျင်ကလိဒဏ်ရာ ရရှိ၍ တိုက်နယ်ဆေးရုံသို့ပို့ရာ ဆေးရုံတွင် ကျန်းမာရေး ၀န်ထမ်းမရှိ၍ သံတွဲဆေးရုံသို့ ဆက်လက်ပို့ဆောင် ခဲ့ရကြောင်း သိရသည်။ သံတွဲမှ ၁၆ မိုင် ကွာဝေးသော ရွှေလှေသပြုချိုင်ရွာနှင့် ဆင်ခေါင်းရွာတို့မှ ရခိုင်နှင့် မွတ်စလင် လူမျိုးများ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း၊ မွတ်စလင် အကြမ်းဖက် သမားများက မီးရှို့ရန် နံနက် ၃ နာရီ ခွဲခန့်က လာရောက်ဝိုင်းကြစဉ် ဒေသခံကျေးရွာသားများမှ ပြန်လည်ခုခံ သည့်အတွက် နံနက် ၄ နာရီခွဲခန့်မှ စတင်ကာ ဒေသခံများနှင့် မီးရှို့ရန် လာရောက်သူ မွတ်စလင် အကြမ်းဖက် သမားများ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးများမှ အချိန်မီသွားရောက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

နံနက် ၅ နာရီ ၅ မိနစ်တွင် သပြုချိုင် တောင်ပေါ်ရွာသို့ သွားရောက်ရာတွင် ဆင်ခေါင်းရွာဘက်မှ လာသော ရွာသား ၂၀၀ ဦးနှင့် ထိပ်တိုက်တွေ့သဖြင့် သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်း၊ လုံခြုံရေးမှ လိုက်လံဖမ်းဆီးရာ အင်ဒိုင်းကြီးကျေးရွာမှ နှစ်ဦး၊ ဆိုင်ကယ် နှစ်စီး၊ ဆင်ခေါင်းရွာမှ တစ်ဦး၊ ဆိုင်ကယ် တစ်စီးအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ သံတွဲမြို့၏ လမ်းဆုံလမ်းခွများတွင် တပ်မတော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးများ ချထားပြီး မြို့တွင်းကင်းလှည့်လျက် ရှိနေကြောင်း၊ ဆူပူမှု ထပ်မံဖြစ်ပွားခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က ဆိုသည်။

"သံတွဲမြို့မှာ မနက်ကတော့ ဗောဓိကုန်းဘက်ကို ကုလားတွေ လာနေပြီတို့၊ ဈေးထဲမှာ ပြဿနာတွေ စဖြစ်ပြီတို့ ကောလာဟလ အသံတွေ မျိုးစုံကြားရတယ်။ သံတွဲဈေးကြီးကတော့ ဒီမနက် ဈေးဆိုင်ခန်းတွေ အကုန်မဖွင့်ကြဘူး၊ ပိတ်ထားကြတယ်။ မနေ့ကတော့ တချို့တ၀က် ဆိုင်တွေဖွင့်ကြသေးတယ်။ ဒီနေ့ကတော့ လုံးလုံးကို ပိတ်ထားကြတယ်။ လုံခြုံရေးတွေကတော့ တစ်မြို့လုံး နီးပါးကို ရဲတွေ တစ်လမ်းတစ်ယောက်လောက်ကို ချထားတယ်။ အခုတော့ မနက် ၆၊ ည ၆ နာရီအတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားပါတယ်" ဟုလည်း အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက သံတွဲမြို့ခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ်ကို စက်တင်ဘာလ အတွင်းက ကမန်လူမျိုး မွတ်စလင် ဘာသာဝင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်အရှေ့တွင် ရခိုင်အမျိုးသား နှစ်ဦးမှ ဆိုင်ကယ်ရပ်သည့် ဖြစ်စဉ်မှစ၍ အပြန်အလှန် စကားများ ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ရခိုင်အမျိုးသား တစ်ဦးက တရားရုံးတွင် အမှုဖွင့်ခဲ့ရာမှ စတင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေး ဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး မင်းအောင်၏ ပြောကြားချက်အရ သိရသည်။

"စဖြစ်တဲ့နေ့က မြို့ပေါ်မှာ ဖြစ်ပွားခဲ့တယ်။ ဒီနေ့မှာတော့ ရွာတွေမှာ ဆက်လက် ဖြစ်ပွားခဲ့တယ်။ အခုချိန်ထိ ပဋိပက္ခ ဖြစ်စဉ်ကြောင့် အိမ် ၄၂ လုံး ပျက်စီးဆုံးရှုံး ခဲ့ပါတယ်။ ပဋိပက္ခဖြစ်တဲ့ အချိန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက်ကို ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ အဲဒီသုံးယောက်ကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက် ပါပြီ။ ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ အဘွားအိုတစ်ဦး သေဆုံးခဲ့တယ်။ အဲဒီအတွက် ကျူးလွန်သူတွေကို ရှာဖွေနေဆဲပါပဲ။ အခုလက်ရှိ အချိန်မှာတော့ အေးချမ်းမှု ရှိပါတယ်" ဟု ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီတွင် ပြောကြားသည်။ ယင်းပဋိပက္ခ ဖြစ်စဉ်ကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်း အမှတ် (၃၃) မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်က သံတွဲမြို့ရှိ ဈေးဆိုင်တစ်ဆိုင်ရှေ့၌ သုံးဘီးဆိုင်ကယ်တစ်စီး ရပ်ထားသည်ကို ရင့်သီးစွာ ဆဲဆိုရာမှစ၍ ပြဿနာ ဖြစ်ပွားကာ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် နေအိမ်များ ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ စက်တင်ဘာ ၃၀ ရက် ညပိုင်းက သံတွဲမြို့ပေါ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်နှင့် နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ အလားတူ သံတွဲမြို့ရှိ ကျောက်ကြီးကျေးရွာ၊ မန်ကျည်းချောင်း ကျေးရွာတို့တွင် မီးရှို့မှုအချို့ ဖြစ်ပွားခဲ့ပြီး နေရာအချို့တွင် ခိုက်ရန်ဖြစ်ပွားမှုအချို့ ရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကလည်း သံတွဲမြို့နယ် နေရာအချို့၌ မငြိမ်မသက် ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ လုံခြုံရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်နေကြောင်း အောက်တိုဘာ ၁ ရက် ည ၉ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သွားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...