Wednesday, October 2, 2013

မိတ္ထီလာရှိ နေအိမ်မီးလောင် ဆုံးရှုံးခဲ့ရသူများအား ပြန်လည် နေရာချထားပေးနိုင်ခြင်း မရှိသေး




မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က ရွှေဆိုင်တစ်ဆိုင်မှ အစပြုသော အကြမ်းဖက်မှုများကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံး ခဲ့ရသည်မှာ လက်ရှိအချိန်ထိ ခုနစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်နေရာ ချထားပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"သီရိမင်္ဂလာ ရပ်ကွက်ထဲက အိမ်တွေကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပြီး ပိုင်ရှင်ကိုယ်တိုင် ဖျက်နေတာတွေ မပြီးသေးဘူး။ နေအိမ်မီးလောင် ပျက်စီးတာတွေနဲ့ ပတ်သက်ပြီး စည်ပင်သာယာ၊ ဆောက်လုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးတို့ ပါဝင်တဲ့ အဖွဲ့တွေဖွဲ့ပြီး စစ်ဆေးဆောင်ရွက် နေပါတယ်။ ပြန်လည်နေရာ ချထားရေးနဲ့ ပတ်သက်လို့လည်း စီစဉ်ဆောင်ရွက် နေပါတယ်။ နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာနယ်မြေ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆောက်အအုံ ဆောက်လုပ်မှုတွေ ညှိနှိုင်းမှုတွေ မပြီးပြတ် သေးတဲ့အတွက် ပြန်လည်နေရာ ချထားလို့ မရသေးပါဘူး။ ဒီတစ်ပတ်ထဲမှာ ရပ်ဝေးမှာ ရောက်နေတဲ့ ဒုက္ခသည်တွေကို ရပ်ကွက်နဲ့ ညှိနှိုင်းပြီး ပြန်လည်နေရာ ချထားပေးဖို့ ရှိပါတယ်။ ကယ်ဆယ်ရေး စခန်းတွေထဲမှာ မီးလောင်ပျက်စီး ဆုံးရှုံးတဲ့ အိမ်ထောင်စုတွေနဲ့ ကျူးကျော်အိမ်ထောင်စုတွေ ကျန်ရှိနေပါသေးတယ်" ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောကြားသည်။

"ကျွန်တော်ဆိုရင် စဖြစ်ကတည်းက ကယ်ဆယ်ရေးစခန်းလည်း သွားမနေခဲ့ဘူး။ ဆွေမျိုးနီးစပ်ရာမှာပဲ အဆင်ပြေသလို နေခဲ့တယ်။ ဖြစ်စကတော့ သက်ဆိုင်ရာတွေက အဆင်ပြေအောင် အားလုံးလုပ်ပေးမယ်။ စိတ်မပူကြနဲ့ဆိုပြီး အခုခုနစ်လ ရှိသွားပြီ။ မီးလောင်သွားတဲ့ ကိုယ့်အိမ်ကို ပြန်ဆောက်ပြီးနေဖို့ လျှောက်တာကို ခွင့်မပြုသေးဘူး။ အရင်တုန်းက အိမ်မှာဈေးဆိုင်ဖွင့်ပြီး စီးပွားရှာခဲ့တာဆိုတော့ အခုအိမ်မီးလောင်သွားတော့ စီးပွားပါ ပျက်သွားတယ်။ စဖြစ်စကသာ ဟိုလိုကူညီမယ်။ ဒီလိုလုပ်ပေးမယ် မပူနဲ့ဆိုတဲ့ အဖွဲ့အစည်းတွေလည်း ခုချိန်ဘယ်သွားရှာရမှန်း မသိတော့ဘူး။ ဒီကြားထဲ လမ်းဖြတ်ဖောက်ရင် အိမ်ပါသွားရင် အိုးမဲ့အိမ်မဲ့ဖြစ်မှာ စိုးရတယ်" ဟု မိတ္ထီလာမြို့ တော်ဝင်းနန်း လမ်းဆုံအနီးတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင် တစ်ဦးက ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ သာသနာ့ရိက္ခတ ကယ်ဆယ်ရေးစခန်း၊ အုတ်ဖိုကယ်ဆယ်ရေး စခန်း၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေး စခန်း၊ ရေအရင်းအမြစ် ကယ်ဆယ်ရေး စခန်း၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ဆက်သွယ်ရေး သင်တန်းကျောင်း ကယ်ဆယ်ရေးစခန်း စသောကယ်ဆယ်ရေးစခန်း ငါးခုတွင် လက်ရှိအောက်တိုဘာ လဆန်းထိ ဒုက္ခသည် ၄၀၀၀ ကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ပေါ်၌ အဆောက်အအုံ ပျက်များအား ရှင်းလင်းမှု ပြုလုပ်နေစဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...